Thursday, January 24, 2019

ဇင်ဘာဘွေတွင် လစာအရေး ညှိနှိုင်းမှု အဆင်မပြေသဖြင့် အစိုးရဝန်ထမ်း ငါးသိန်းဝန်းကျင် သပိတ်မှောက်ဆန္ဒပြမည်


စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ဟာရာရေးမြို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့စဉ်။ ဓာတ်ပုံ - အေပီ လစာ တိုးမြှင့်ပေးရေး အစိုးရနှင့် ဆွေးနွေးမှု အဆင်မပြေသဖြင့် ဇင်ဘာဘွေ အစိုးရဝန်ထမ်း ငါးသိန်းဝန်းကျင်သည် ဇန်နဝါရီ ၂၅ တွင် သပိတ်မှောက် ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။ 
အာဖရိကတောင်ပိုင်းခြမ်းရှိ ဇင်ဘာဘွေနိုင်ငံတွင် သမ္မတ အီမာဆမ် နန်ဂတ်ဂွာ၏ အစိုးရအပေါ် မကျေနပ်မှုများ မြင့်တက်လာခြင်း၊ နိုင်ငံ့စီးပွား ကျဆင်းလာခြင်းတို့ကြောင့် အစိုးရဝန်ထမ်းများသည် နေထိုင်စားသောက်မှု လုံလောက်စေရန် လစာတိုးမြှင့်ပေးရေး တောင်းဆိုထားကြသည်။ နိုင်ငံအတွင်း စက်သုံးဆီဈေးများ မြင့်တက်လာမှုကြောင့်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ကာ အစိုးရက စစ်တပ်များပါသုံးကာ ဖြိုခွဲခဲ့သဖြင့် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။ စစ်ဘက်၊ ရဲဘက်၊ အာဏာရပါတီ၏ လူငယ်ပါတီဝင်များက ဆန္ဒပြသူများကို အင်အားသုံး နှိပ်စက်ညှင်းပန်းကြောင်း မျက်မြင်သက်သေအများအပြားကလည်း ဆိုထားကြသည်။ 
စစ်သားများနှင့် ရဲများသည် ဇင်ဘာဘွေ၏ ဒုတိယအကြီးဆုံးမြို့ ဘူလာဝါယို၌ ညဘက်များတွင် အိမ်များကို ဝင်ကာ ဆန္ဒပြပွဲတွင် ပါဝင်သူများကို ရိုက်နှက်မှုများထိ ပြုကျင့်နေကြောင်း ဇင်ဘာဘွေ လူ့အခွင့်အရေး အင်န်ဂျီအို အဖွဲ့များကလည်း ဆိုထားသည်။ 
အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များကိုလည်း ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် ရုံးတင်စစ်ဆေးလျက်ရှိပြီး၊ စွဲချက်တင်ခံရသူများ၏ ရှေ့နေများကိုလည်း တရားရုံးလုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်မရစေရန် တင်းကျပ်လျက်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။ 
ဆန္ဒပြသူများကို စစ်တပ်ဖြင့် အင်အားသုံး နှိမ်နင်းမှုကြောင့် ၁၂ ဦး သေဆုံးကာ ၃၀ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆရာဝန်များ၊ လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောသည်။ ဆန္ဒပြမှုများ ရပ်စဲသွားစေရေးအတွက် နိုင်ငံတော်အဆင့် စေ့စပ်ဆွေးနွေးမည်ဟု သမ္မတ နန်ဂတ်ဂွာက ကမ်းလှမ်းထားသော်လည်း အတိုက်အခံများနှင့် ဆန္ဒပြ ကိုယ်စားလှယ်များက ကမ်းလှမ်းမှုကို သံသယဖြင့် စောင့်ကြည့်လျက်ရှိသည်။ 

The Myanmar Times

0 comments:

Post a Comment