ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲအကြောင်း သတင်းမှားယွင်း ရေးသားတင်ပြခဲ့တဲ့ Dhaka Tribune ဒါကာထရီဗြွန်း သတင်းစာတိုက်က သတင်းထောက်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
သတင်းထောက် ဟိုစိန်မိုလာ ဆိုသူဟာ… မဲဆန္ဒနယ်မြေတစ်ခုမှာ တရားဝင် မဲပေးခွင့်မှတ်ပုံတင်ထားသူ ဦးရေထက် မဲ ၂ သောင်းကျော် ပိုပေးထားတာ တွေ့ရှိခဲ့တယ်ဆိုပြီး သတင်းပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။
အမှန်တကယ်မှာ မဲပေးခွင့်ရှိသူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းသာ လာရောက်မဲပေးခဲ့တာ ဖြစ်တဲ့အတွက် ဒါဟာ ရွေးကောက်ပွဲကို အထင်အမြင်မှားအောင် ကြိုးစားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာတွေကို ထိန်းချုပ်ထားတဲ့ Digital Security Act ဥပဒေအရ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် သတင်းထောက် မိုလာဟာ ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဒက္ကားမြို့ရှိ အထွေထွေရွေးကောက်ပွဲ မဲရုံတရုံတွင် ၂ဝ၁၈ ဒီဇင်ဘာလ ၃ဝ ရက်နေ့က မဲပေးသူတချို့ကို တွေ့ရစဉ်။
(Photo: Reuters)
RFA

No comments:
Post a Comment