Wednesday, January 2, 2019

ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းအတွက် ယခုလအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံ မြေပြင်လုပ်ငန်းများ စတင်မည်


ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Myanmar National Center of Disease Control)နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း (Medical Training Center)ကို တရုတ်နိုင်ငံ၏အကူအညီဖြင့်ဆောက်လုပ်ရန်အတွက် ယခုလအတွင်း နှစ်နိုင်ငံတာဝန်ရှိသူများက မြေပြင်ကွင်းဆင်းလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။ 
မြန်မာနိုင်ငံအတွက် ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရေးစီမံကိန်းများကို တရုတ်နိုင်ငံဘက်က အကူအညီပေးရေးဆိုင်ရာ စာလွှာ(Exchange Letter)နှင့်ပတ်သက်၍ (၂၀၁၈)ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်၏ပထမအဆင့်အဖြစ် နှစ်နိုင်ငံတာဝန်ရှိသူများ မြေပြင်ကွင်းဆင်းလေ့လာရေးအကြိုအစီအစဉ်ကို ဇန်န၀ါရီ ၂ ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်းကြီးသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ရင်းနှီးချစ်ကြည်မှု သင်္ကေတအဖြစ် နှစ်ပေါင်းများစွာ ရေရှည်တည်တံ့နေမည်ဖြစ်ပြီး နေပြည်တော်အဝင် အချက်အခြာကျသည့် နေရာတွင် တည်ရှိသည့်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာဧည့်သည်များကလည်း မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ရင်းနှီးချစ်ကြည်မှုပြယုဒ်တစ်ရပ်အ​​​ဖြစ် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ တရုတ်ဘက်ကလည်း အကူအညီပေးရေးနှင့်သက်ဆိုင်သည့် အင်ဂျင်နီယာ မစ္စတာ Shi Ting ဦးဆောင်သောအဖွဲ့က မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးသင်တန်းကျောင်း အဆောက်အဦးကို နေပြည်တော်တွင် မြန်မာနိုင်ငံ၏ အခြေအနေများနှင့်အညီ၊ ဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် အညီ ဆောက်လုပ်သွားရန် ရေးဆွဲထားရှိသော ဗိသုကာဒီဇိုင်းပုံစံ (မူကြမ်း) များကို ရှင်းလင်းတင်ပြခဲ့ပြီး ဇန်နဝါရီလအတွင်း နှစ်ဖက်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများက မြေပြင်လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်အတွက် သဘောတူညီမှု (implementation agreement) ကိုလက်​မှတ်​ရေးထိုးသွားရန်ကိစ္စနှင့် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များနှင့် အခက်အခဲများကို ဇန်န၀ါရီ ၂ ရက်က တင်ပြခဲ့ကြောင်းလည်း သိရသည်။ စီမံကိန်းပြီးစီးပြီးနောက် ရောဂါစောင့်ကြပ်ကြည့်ရှုထောက်လှမ်းခြင်း၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ လေ့ကျင့်သင်ကြားရေး လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများနှင့် သုတေသနလုပ်ငန်းများ ရှိလာမည်ဖြစ်သည့်အတွက် ကုသရေးဆိုင်ရာလုပ်ငန်းများတွင်လည်း ယခုထက် ပိုမိုမှန်ကန်အရည်အသွေးပြည့်ဝသည့် ကုထုံးများကို ပြည်သူများအား ပေးအပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ 

ယင်းအတွက်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးတို့ကို ကျေးဇူးတင်ရှိပြီး အသိအမှတ်ပြုလိုကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။

(အကုန်သိသတင်းဌာန)

0 comments:

Post a Comment