အခွန်အများဆုံး ပေးဆောင်သူ ၄၅ ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆုချီးမြှင့်လိုက်သည်။ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ယင်းအခမ်းအနားကို ယနေ့ (ဇန်နဝါရီ ၂၄) မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အထူးဂုဏ်ထူးဆောင်ဆုနှင့် အထူးဂုဏ်ပြုမှတ်တမ်းလွှာအနေဖြင့် ၂၀၁၁- ၁၂ မှ ၂၀၁၇-၁၈ အခွန်စည်းကြပ်နှစ်အထိ ခုနစ်နှစ် ဆက်တိုက် ၀င်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို နိုင်ငံတော်သမ္မတက ပေးအပ် ချီးမြှင့်ခဲ့သည်။
ကုမ္ပဏီ လုပ်ငန်းများမှ ၀င်ငွေခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၁၀ ဦး၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၁၀ ဦး၊ အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၁၀ ဦး၊ ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီများမှ ၀င်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင် ၅ ဦး၊ ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၅ ဦးနှင့် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သည့် လုပ်ငန်းရှင် ၅ ဦးတို့ကို သမ္မတက ဆုတံဆိပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ပြည်သူများ ထည့်ဝင်ထားသည့် အခွန်ငွေများကို အစိုးရအနေဖြင့် အကျိုးရှိအောင် စိစစ်သုံးစွဲလျက်ရှိပြီး အလေအလွင့် မရှိစေရန် စီမံခန့်ခွဲရေးအပြင် ဦးစားပေး လုပ်ငန်းများတွင် လုပ်ဆောင်နေကြောင်း သမ္မတဦးဝင်းမြင့်ကဆိုသည်။
စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မှန်ကန်သည့် အခွန်ပေးဆောင်မှုများဖြင့် နိုင်ငံတော်၏ အသုံးစရိတ်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနေခြင်းသည် နိုင်ငံတော်အတွက် အင်အားတစ်ရပ် ဖြစ်ပေါ်စေကြောင်း ၎င်းက ထပ်လောင်းပြောသည်။
အထူးဂုဏ်ထူးဆောင်ဆုနှင့် အထူးဂုဏ်ပြု မှတ်တမ်းလွှာအနေဖြင့် ၂၀၁၁- ၁၂ မှ ၂၀၁၇ - ၁၈ အခွန် စည်းကြပ်နှစ်အထိ ခုနစ်နှစ် ဆက်တိုက် ၀င်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို နိုင်ငံတော် သမ္မတက ပေးအပ်ချီးမြှင့်ခဲ့သည်။
The Voice

No comments:
Post a Comment