Thursday, January 24, 2019

တနင်္သာရီတိုင်း ၀န်ကြီးချုပ် ပါတီဗဟိုသို့ တိုင်ကြားခံရ


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့်ပတ်သက်ပြီး ပြည်သူ တစ်ဦး၏ တိုင်ကြားစာကို ဇန်န၀ါရီ ၂၄ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသို့ ရောက်ရှိ ကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က စံတော်ချိန်သို့ ပြောဆိုသည်။ 
"ဒီနေ့တော့ တိုင်စာတက်လာပါတယ်။ ရက်စွဲကတော့ မနေ့ကရက်စွဲနဲ့ပါ။ သူက မီဒီယာတွေမှာပါတဲ့ အကြောင်းအရာပါပဲ။ အသစ်တော့ မတွေ့ဘူး။ ကျွန်တော်တို့ကတော့ သူတို့ကို ခေါ်စစ်မယ်။ နောက်ပြီးတော့ ဘယ်သူ့ကိုစစ်လို့ ဘယ်လို အချက်အလက်အထောက်အထားရမလဲဆိုတာကတော့ သူတို့ကို မေးမှပဲ သိရမှာပေါ့။ သူကတော့ တာဝန်သိပြည်သူလို့ ပြောထားတယ်။ တိုင်စာမှာ ၁၃ ယောက်လောက်တော့ လက်မှတ်ထိုးထားတယ်" ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုသည်။ 

အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်ပြီး ပါတီလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောဆိုသည်။ 

"ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအရ တိုင်ကြားသူကိုခေါ်မယ်။ သူ ပြောတဲ့ဟာ တစ်ဆင့်ကြားလား။ ဘယ်လို နည်းနဲ့သိတာလဲ။ ခိုင်မာမှုရှိသလားဆိုတာမေးမယ်။ ကျွန်တော်တို့က သူတို့ ပြောတဲ့အချက်အလက်မှန်ကန်ကြောင်း ဘယ်လိုစစ်လို့ ရမလဲကြည့်မယ်။ ကျွန်တော်တို့ စစ်လို့ရလား။ စစ်လို့မရရင် ဘာဆက်လုပ်မလဲ။ ဒါတွေကို ဆုံးဖြတ်ရမှာပါ"ဟု ၎င်းကပြောဆိုသည်။ 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ၎င်း၏ဆွေမျိုးနီးစပ်သူ ပါဝင်ပတ်သက်နေသည့် GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပေးခြင်းနှင့် ဆွေမျိုးတော်စပ်သူကို ကိုယ်ရေးအရာရှိ ခန့်အပ်ထားခြင်းစသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှုများရှိခဲ့သည်။ 

The Standard Time Daily

No comments:

Post a Comment