ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ရွပ်ရွပ်ချွံချွံပြန်လည်ခုခံခဲ့သော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။
“နှုတ်နဲ့ အရင်ညွှန်ကြားထားတာလောက်ပဲ ရှိဦးမယ်။ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့လို့ ချီးမြှောက်တဲ့သဘောပေါ့။ တရားဝင်ကြေးနန်းနဲ့ စာနဲ့တော့ မပို့သေးဘူး”ဟု အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ငမြင်းဘော် ရဲကင်းစခန်း၊ ကျောင်းတော်ရဲကင်းစခန်း၊ ဂုပ္ပိရဲကင်းစခန်း အပါအဝင် ခထီးလှရဲကင်း စခန်းတို့ကို AA လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဂုဏ်ပြုချီးမြှင့်မည့်အစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးသက်နိုင်ကို အတည်ပြုမေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
“ဂုဏ်ပြုမယ်ဆိုရင်တော့ ဝမ်းသာရမှာပေါ့။ ကျဆုံးသွားတာ ရှိတယ်။ ဒဏ်ရာရတာ ရှိတယ်။ ကျန်တဲ့ ဒဏ်ရာလည်း မရဘူး။ မကျဘူးဆိုရင် စခန်းမှာ ပြန်ပြီးတော့ လုံခြုံရေးဆောင်ရွက်တယ်။ လောလောဆယ်တော့ နယ်စပ်လုံခြုံရေး အခြေအနေက ပုံမှန်ပါပဲ။ ဒါပေမဲ့ ပေါ့လို့မရဘူးနော်”ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် အရာရှိအဆင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အလားတူ ယင်းဖြစ်စဉ်ကြောင့် AA လက်နက်ကိုင်တပ်ဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အရေးယူရန် အမှုဖွင့်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။
The Voice
No comments:
Post a Comment