Sunday, January 27, 2019

အမေရိကန်-တာလီဘန် ဆွေးနွေးပွဲတွင် သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့


၁၇ နှစ်ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်စေရန် ညှိနှိုင်းဆွေးနွေးမှုများအတွင်း ကြီးမားသော တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု အမေရိကန်နှင့် တာလီဘန်တို့က ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့ကြသည်။ သို့သော် သဘောတူညီချက်ရရှိရန် ခက်ခဲနေသည့် အချက်များတွင်မူ အခြေအနေမှာ မပြောင်းလဲသေးပေ။ 
အာဖဂန်စစ်ပွဲမှ လွတ်မြောက်စေရန် နည်းလမ်းရှာရေးအတွက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့က ခန့်အပ်ခဲ့သောသံတမန် ဇယ်မေခါလီဇက်သည် ကာတာနိုင်ငံတွင် တာလီဘန် ကိုယ်စားလှယ်များနှင့် မကြုံစဖူး ခြောက်ရက်ကြာအောင် ဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သည်။ 

“ဒီမှာ လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးမှုတွေဟာ အရင်ကလုပ်ခဲ့တာတွေထက် အများကြီးပိုပြီး အကျိုးဖြစ်ထွန်းမှု ရှိပါတယ်။ အဓိက ကိစ္စရပ်တွေမှာ ကျွန်တော်တို့တတွေ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိခဲ့ပါတယ်” ဟု ခါလီဇက်က Twitter တွင်ရေးသားခဲ့သည်။ 

“ကျွန်တော်တို့တတွေ အရှိန်အဟုန်ကို တိုးမြှင့်သွားပြီး မကြာမီမှာပဲ ဆွေးနွေးပွဲတွေ ပြန်စသွားမှာပါ။ ကျွန်တော်တို့ဆွေးနွေးရမယ့် ကိစ္စတွေ ရှိပါသေးတယ်” ဟု ၎င်းက ဆိုသည်။ “ကိစ္စတွေ အကုန်သဘောတူညီမှု မရသေးမီအချိန်အထိ ဘာကိုမှ သဘောတူဦးမှာတော့ မဟုတ်ဘူး။ အာဖဂန်အတွင်းပိုင်း ဆွေးနွေးပွဲနဲ့ ကျယ်ပြန့်ပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးထဲမှာ အားလုံးပါဝင်ရပါမယ်” ဟု ခါလီဇက်က ဖြည့်စွက်ရေးသားခဲ့သည်။ 

ခါလီဇက်ဘက်က အသေးစိတ် မထုတ်ဖော်ခဲ့သော်လည်း အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာသွားပါက အပြန်အလှန်အနေဖြင့် တာလီဘန်တို့သည် ပြည်ပမှ အစွန်းရောက်များကို ခိုလှုံခွင့်ပေးမည်မဟုတ်ဆိုသည့် (အမေရိကန်စစ်ရေးကြားဝင်မှု၏ အစောပိုင်းအကြောင်းရင်း) အဆိုပြုချက်များရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

ခါလီဇက်ထံမှ အားတက်စရာသတင်းများ ကြားသိရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း Twitter ၌ ရေးသားခဲ့သည်။ 

၉/၁၁ တိုက်ခိုက်မှုများဖြစ်ပွားပြီး မကြာမီမှာပင် စတင်ခဲ့သော အမေရိကန်၏ အရှည်ဆုံးစစ်ပွဲကြီးအား အဆုံးသတ်ရန် ထရန့်က စိတ်အားထက်သန်လျက်ရှိသည်။ အာဖဂန်ထဲတွင် ချထားသော အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀၀၀ အနက် ထက်ဝက်ကို ပြန်လည်ရုပ်သိမ်းမည်ဟုလည်း ထရန့်က ပြောကြားခဲ့သည်။ 

ဆွေးနွေးပွဲအတွင်း တိုးတက်မှုများရှိသည့်အကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘူလာမူဂျာဟစ်က ပြောကြားခဲ့သည်။ သို့သော် အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိပြီး အာဖဂန်အစိုးရနှင့် ဆွေးနွေးနေသည်ဆိုသည့် အချက်မှာမူ မမှန်ကန်ကြောင်း ၎င်းကဆိုသည်။ 

သမ္မတဟောင်း ဂျော့ဂ်ျဒဗလျူဘုရှ် လက်ထက်တွင် အဓိကသံတမန်ရေးအခန်းကဏ္ဍမှ ပါဝင်ခဲ့သော အာဖဂန်နွယ်ဖွားခါလီဇက်နှင့် ဆွေးနွေးပြီးနောက် တာလီဘန် အကြီးတန်းအရာရှိတစ်ဦးက အကောင်းမြင် စိတ်ရှိနေသည်။ “အမေရိကန်ဟာ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တော်တော်များ လက်ခံပါတယ်။ အဓိကအချက်တွေမှာလည်း နှစ်ဖက်စလုံးက သဘောတူကြတယ်။ ဒါပေမဲ့လည်း ဆွေးနွေးနေဆဲ အချက်တချို့လည်း ရှိပါသေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ယခုကဲ့သို့ တိုးတက်မှုများရခဲ့သည်နှင့်ပတ်သက်၍ ကာတာနိုင်ငံခြားရေးဝန်ကြီး အဒူရာမန်ဘင်ဂျက်ဆင်အယ်ထာနီကလည်း ဂုဏ်ပြုကြိုဆိုကြောင်း Twitter တွင် ရေးသားခဲ့သည်။ 

ခါလီဇက်သည် ပြီးခဲ့သည့်လက ယူအေအီးတွင် တာလီဘန်တို့နှင့် ဆွေးနွေးခဲ့သေးသည်။ ယူအေအီးနှင့် ကာတာတို့သည် အာဖဂန်သံတမန်ရေး အသိုင်းအဝိုင်းအပေါ် လွှမ်းမိုးမှုရရန် အပြိုင်အဆိုင်ကြိုးပမ်းနေ ခြင်းဖြစ်သည်။ 

Eleven Media Group

No comments:

Post a Comment