Sunday, January 6, 2019

ဘရာဇီး မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကို တားဆီးဖို့ စစ်သည် ရာချီ ဖြန့်ကျက်


ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဘရာဇီးနိုင်ငံ မြောက်ပိုင်း Fortaleza မြို့မှာ လူဆိုးဂိုဏ်းအဖွဲ့တွေက ဘဏ်တွေ၊ ဘတ်စ်ကားတွေ၊ ဈေးဆိုင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ 
ယင်း ဖြစ်စဉ်တွေမှာ ပြည်သူပိုင် ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးမှု များပြားခဲ့ပြီးနောက် ယခုအခါ ဘရာဇီးအာဏာပိုင်တွေက ယင်း အခြေအနေတွေကို ထိန်းချုပ်ဖို့ တပ်ဖွဲ့ဝင် ရာနဲ့ချီကို ယင်းဒေသထံ စေလွှတ်ဖြန့်ကျက်ထားပါတယ်။ 

ယခုလက်ရှိအချိန်မှာ ယင်း Fortaleza မြို့အပြင် Ceara ပြည်နယ်တွင်းက အခြားမြို့တွေမှာ စစ်သား ၃၀၀ ခန့် ကင်းလှည့်စောင့်ကြည့်နေလျက် ရှိပြီး နောက်ထပ် ဆူပူရမ်းကားဖျက်ဆီးမှုတွေ ဖြစ်ပေါ်မလာအောင် တားဆီးသွားမှာဖြစ်ကြောင်း ဘရာဇီး ပြည်သူ့ လုံခြုံရေး အတွင်းဝန် Guilherme Teophilo က ပြောသွားပါတယ်။ 

ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က စတင်အာဏာရလာခဲ့တဲ့ သမ္မတသစ် ဂျာအီ ဘိုဆိုနာရို ရဲ့ တင်းကျပ်တဲ့ ဥပဒေစိုးမိုးရေး အစီအစဉ်တွေအပေါ် ပထမဆုံး စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ 

ခုလို နိုင်ငံ မြောက်ပိုင်းက ရမ်းကားတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သံသယရှိသူ အယောက် ၅၀ ခန့်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

ဒါဟာ ယင်း မြောက်ပိုင်းပြည်နယ်မှာ ရှိတဲ့ အကျဉ်းထောင်တွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းအသစ်တွေ ပြဌာန်းသတ်မှတ်လာမှုအပေါ် မကျေနပ်တဲ့အတွက် ခုလိုမျိုး ရာဇဝတ်ဂိုဏ်းတွေက ဆူပူအကြမ်းဖက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment