ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ယမန်နေ့ညပိုင်းက နယ်ခြားစောင့်(BGF) အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၄ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ ၄ ဦးတွင် အရပ်သား ၁ ဦး ပါဝင်ကြောင်း ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မြဝတီမြို့ သင်္ကန်းညီနောင် ရွာသစ်ကျေးရွာ နယ်ခြားစောင့်တပ် အမှတ် ၉၀၁ တပ်နယ်ဝင်း အတွင်း ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။
"မနေ့ညက ၈ နာရီနဲ့ ၉ နာရီကြားမှာ သေနတ်သံကြားလို့ ကျနော်တို့သွားစုံစမ်းတော့ အဲဒီမှာ ပစ်ခတ်မှုဖြစ်တယ်။ ၄ ဦးသေတယ်။ ၁ ဦး ဒဏ်ရာရတယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာ အခင်းဖြစ်ပွားပြီးတာ ၁၅ မိနစ်လောက်ရှိနေပြီ။ ဘာကြောင့်ဖြစ်လဲ သေချာမသိဘူး။ ပစ်တဲ့သူက တစ်ယောက်တည်း။ ထွက်ပြေး လွတ်မြောက်သွားပါတယ်။ အခုတော့ ပူးပေါင်းပြီး ပိတ်ဆို့ ရှာဖွေနေပါတယ်။ သေသွားတဲ့သူထဲမှာ အရပ်သား ၁ ဦးပါတော့ အရပ်သားရဲ့ မိန်းမက စခန်းမှာ လာပြီး အမှုဖွင့်ထားတယ်" ဟု ဒုရဲမှူးကြီးအောင်နိုင်ထွန်းက ပြောသည်။
မြ၀တီမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းကိုက ဒဏ်ရာရရှိသူ ၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် မြ၀တီဆေးရုံမှ ဘားအံဆေးရုံကြီးသို့ လွှဲပြောင်းရန် ရှိကြောင်း ပြောသည်။
"ဒဏ်ရာရတဲ့သူကို ဘားအံဆေးရုံဆီ လွှဲပြောင်းဖို့ ရှိတယ်။ လွတ်သွားတဲ့ တရားခံကိုတော့ အခု အားလုံးပူးပေါင်းပြီး ရှာဖွေနေပါတယ်" ဟု ဒုရဲမှူး မင်းကိုက ဆိုသည်။
ရန်ကုန်ခေတ်သစ်က BGF အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်မရပေ။
Khit Thit Media





No comments:
Post a Comment