Wednesday, January 2, 2019

ထိုင်ဝမ်ကို တရားမဝင် ဝင်ရောက်လာတဲ့ ဗီယက်နမ်များ


ထိုင်ဝမ်နိုင်ငံထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နိုင်ငံခြား ခရီးသွားဗီဇာနဲ့ ဝင်ရောက်ခဲ့သူ ဗီယက်နမ် ခရီးသွားတွေထဲက ၂၄ ယောက်ဟာ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ထပ် တရားမဝင် ဝင်ရောက်လာသူ ၁၂၄ ယောက်ကိုလည်း ရှာဖွေနေတယ်လို့ ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။ 
အဲဒီဗီယက်နမ်လူမျိုး ၁၄၈ ယောက်ဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ အုပ်စု ၄ စုခွဲပြီး နိုင်ငံတွင်း ဝင်ရောက်လာတာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရပိုင် Central News Agency က ပြောပါတယ်။ 

ထိုင်ဝမ် အမျိုးသားလူဝင်မှုကြီးကြပ်ရေးအေဂျင်စီက အဲဒီဗီယက်နမ်ခရီးသွားတွေ ဘာတွေလုပ်ခဲ့သလဲ ဆိုတာ အသေးစိတ်မပြောပေမယ့် သူတို့ဟာ အုပ်စုလိုက် ကြိုတင်စီစဉ်ပြီး နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

အုပ်စုလိုက် ခရီးသွားလာခွင့်ဗီဇာကိုအသုံးချပြီး လူကုန်ကူးတာနဲ့ ထိုင်ဝမ်နိုင်ငံထဲမှာ အလုပ်လုပ်ကိုင်တာကို ကာကွယ်ဖို့အတွက် အဲဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးပြီးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ပေးထားပါတယ်။ 

ထိုင်ဝမ်နိုင်ငံထဲက ဗီယက်နမ်အသိုင်းအဝိုင်းအတွင်း အဲဒီလိုတရားမဝင်ရောက်ရှိနေသူတွေ ရှိနေသေးရင် အာဏာပိုင်တွေကိုအပ်နှံဖို့နဲ့ အဲဒီလို အပ်နှံခံရသူတွေကို အပြစ်မပေးဘဲ သက်ညှာသောအားဖြင့် သူတို့ရဲ့ မိခင်နိုင်ငံကိုပဲ ချက်ခြင်းပြန်ပို့ပေးမယ်လို့ သတင်းဌာနရဲ့ကြေညာချက်မှာ ပါရှိပါတယ်။ 

ထိုင်ဝမ်နိုင်ငံတွင်းလုံလောက်တဲ့ အထောက်အထားမပါဘဲ ဝင်ရောက်သူတွေဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၂၉ဝဝ ပေးဆောင်ရမှာဖြစ်ပြီး အဲဒီလူတွေကို လက်ခံထားသူတွေကတော့ ထောင်ဒဏ် ၂ နှစ်ကျခံရမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာထားပါတယ်။ 

ထိုင်ဝမ်နိုင်ငံကို အုပ်စုလိုက် အဆင့်မြင့် လည်ပတ်ချင်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေက လူတွေကို ထိုင်ဝမ်အစိုးရက ၂ဝ၁၆ ခုနှစ်မှာ E-visa နဲ့ ဝင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုခွင့်ပြုလိုက်တဲ့အတွက် လူအများအပြားဟာ လည်ပတ်ဖို့ မဟုတ်ဘဲ တခြားရည်ရွယ်ချက်တွေနဲ့ ထိုင်ဝမ်နိုင်ငံထဲကို ဝင်ရောက်လာတာ တွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ထိုင်ဝမ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ဗီယက်နမ်အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့စဉ်။ 
(Photo: AP)
RFA

0 comments:

Post a Comment