Wednesday, January 2, 2019

ကျေးလက်ဆေးပေးခန်း မြေနေရာကို မသမာသောနည်းလမ်းဖြင့် လုပ်ပိုင်ခွင့်ရယူထားသူ ၂ ဦးနှင့် လုပ်ပိုင်ခွင့်ထုတ်ပေးထားသူများကို စိစစ်အရေးယူရန် ဒေသခံများတောင်းဆို


မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ အလူးလေးကျေးရွာပိုင် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရန်သတ်မှတ်ထားသည့် မြေနေရာကို လူ ၂ ဦးက မလျှော်ကန်သောနည်းလမ်းဖြင့် အမည်ပေါက် မြေခွန်ပြေစာထုတ် လုပ်ပိုင်ခွင့်ရရှိထားအပေါ် ဒေသခံများက မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အရေးယူဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁ ရက်က အဆိုပါ မြေနေရာအနီးတွင် ကျေးရွာသားများ စုပေါင်းကျင်းပခဲ့ကြ ကြောင်း သိရသည်။ 

" ဒီမြေတွေကို ကျေးလက်ဆေးခန်း ဆောက်ဖို့ မြေနေရာဆိုတာ သိသိကြီးနဲ့ မသမာတဲနည်းနဲ့ မြေပြေစာ စလစ်တွေကို မြေစာရင်း ဝန်ထမ်းတွေနဲ့ လုပ်ယူထားတာတွေကို နိုင်ငံတော် ကျန်းမာရေးဌာန လူကြီးတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြီးတော့ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်တို့ သိအောင် ဆန္ဒထုတ်ဖော်တာရယ်၊ သတင်းမီဒီယာ ရှင်းလင်းတာရယ်ကို ရွာသားတွေ စုပေါင်းလုပ်ဆောင်တာပါ။ နောက်ပြီး အဲဒီမြေကို ပြေစာထုတ်တဲ့ ဝန်ထမ်းတွေကိုလည်း တာဝန်က နားသွား၊ ပြောင်းရွှေ့သွားရင်တောင် ဥပဒေအရ ပြန်လည် စိစစ်အရေးယူနိုင်အောင်လုပ်ဆောင်သွားမယ်လို့ ကျေးရွာသားတွေက ဆန္ဒရှိနေပါတယ်" ဟု အလူးလေးကျေးရွာ နေထိုင်သူ နော်ခင်အုန်းမြင့် က ပြောသည်။ 

ဘီးလင်းမြို့နယ် အလူးလေး ကျေးရွာအပိုင် အနောက်ရွာ အုပ်စု (၀-၈၀)ဧက မြေနေရာတွင် သမ္မတဦးသိန်းစိန် အစိုးရလက် ထက် ၂၀၁၂ ခုနှစ်က ကျေးလက်ဆေးပေးခန်း ဆောက်ရန် ခွင့်ပြုချက်ချပေးထားသည့် မြေနေရာအား ပေ (၄၀×၂၀၀) အကျယ် အဝန်းရှိ မြေတွင် ဦးပွား - ဒေါ်စိန်အေး၊ ဦးမောင်နိုင် - ဒေါ်သင်းလှတို့၏ အမည်များဖြင့် မြေအသုံးချခွင့် ပြေစာများအား ကျေးရွာသားများအား အသိပေးကန့်ကွက်ရန် အကြောင်းကြားခြင်း လုံးဝမသိရှိစေဘဲ မသမာသောနည်းဖြင့် ထုတ်ပေးထားဖြစ်ကြောင်း သိရသည်။ 

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ယခင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် မြေစာရင်းဌာန တာဝန်ရှိသူများ၊ ပြေစာ ထုတ်ယူထားသည့် လူပုဂ္ဂိုလ်များအား ဥပဒေအရ စီစစ်အရေးယူပေးရန်နှင့် နှစ်ပေါင်း ၄၀ ကျော် ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြ သည့် ကျေးလက်ဒေသတွင်း ကျန်းမာရေး ဆေးပေးခန်း ဆောက်လုပ်ပေးရန်ကိစ္စအား ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ များနှင့် နိုင်ငံတော်တာဝန်ရှိသူများမှ အမြန်ဆုံးဆောင်ရွက်ဖြေရှင်းပေရန်လည်း ဒေသခံများက တောင်းဆိုနေကြောင်း သိရသည်။ 

 စောဘောသိုလ် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment