မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု၊ စုစုပေါင်း (၁၀ ဒသမ ၉) သန်းခန့်ရှိပြီး အိမ်ရာများ၏ အရည်အသွေးကို အဆင့်ငါးဆင့် ခွဲခြားဖော်ပြထားကြောင်း၊ အိမ်ထောင်စု အားလုံး၏ ၁၀ ဒသမ ၉ ရာခိုင်နှုန်း (အိမ်ထောင်စု အရေအတွက် ၁ ဒသမ ၂ သန်းခန့်)ကို အနိမ့်ဆုံးအရည်အ သွေးရှိသည်ဟု သတ်မှတ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် UN-Habitat မှ နည်းပညာအကူအညီဖြင့် ပြုစုထားသည့် အမျိုးသားမြို့ပြမူဝါဒ မူဘောင်တွင် ဖော်ပြထားသည်။
အဆိုပါ နေအိမ်များကို အစားထိုးမည် ဆိုလျှင်ပင် အိမ်ရာအရေအတွက် ပေါင်း ၁ ဒသမ ၂ သန်းခန့် အသစ်ဆောက်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အခြားနည်းလမ်း တစ်ခုမှာ အိမ်ထောင် စုအားလုံး၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်းနှင့်ညီမျှ သော အိမ်ထောင်စု အရေအတွက် ၁ ဒသမ ၆ သန်းခန့်မှာ အိမ်သာများ မပါရှိကြောင်း ဖော်ပြမှုကို အခြေခံတွက်ချက်နိုင်သည်ဟု ဖော်ပြထားသည်။ အိမ်သာမရှိသော အိမ်ထောင်စုပေါင်း ၁ ဒသမ ၆ သန်းခန့်တွင် အိမ်ရာမဲ့ ဦးရေ ၁ ဒသမ ၀ သန်းခန့်လည်း ပါဝင်နိုင်သည်ဆိုသော အချက်ကိုလည်း အသိအမှတ်ပြုရန် လိုအပ်သည်ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကောက်ယူသည့် အချိန်ကာလ တွင် ဖြည့်ဆည်းပေးရန် လိုအပ်နေသော အိမ်ရာအရေအတွက်မှာ စုစုပေါင်းတစ်သန်းမှ နှစ်သန်းကြားရှိမည်ဟု ခန့်မှန်းထားကြောင်း အမျိုးသား မြို့ပြမူဝါဒ မူဘောင်တွင် ဖော်ပြထားသည်။
မြို့ကြီးများတွင် အခြေချနေထိုင်သူ လူဦးရေ တိုးပွားလာမှုကို နေရာချထားပေးနိုင်ရန်အလို့ငှာ အိမ်ရာများ ထပ်မံဆောက်လုပ် ခြင်း၊ မြို့ကြီးများသို့ ပြောင်းရွှေ့လာသူအများ အပြားအတွက် ယာယီနေထိုင်ရန် စီစဉ်ပံ့ပိုး ပေးခြင်းစသည်တို့ကြောင့် မြို့ပြအခြေချနေ ထိုင်မှု တိုးချဲ့ခြင်းကို တွန်းအားပေးဖြစ်ပေါ် လာစေကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ရှိ အဓိကနိုင်ငံကြီးများအနက် မြို့ပြအသွင် ကူးပြောင်းမှုနှုန်း အနှေးဆုံးဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေ ၁၅ ဒသမ၂ သန်းခန့် (နိုင်ငံလူဦးရေ၏၂၉ ဒသမ ၆ ရာခိုင်နှုန်း) မှာ မြို့ပြဧရိယာများတွင် နေထိုင်ခဲ့ပြီး ၎င်းပမာဏသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းမှ အချက်အလက်များ မရရှိမီ ခန့်မှန်းထားခဲ့သော ကိန်းဂဏန်းထက် ၁၀-၁၁ ရာ ခိုင်နှုန်းခန့် လျော့နည်းခဲ့ကြောင်း သိရသည်။
မြို့ပြအသွင် ကူးပြောင်းမှုနှုန်း လျော့နည်းခြင်းနှင့်အတူ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီ၏ အမှန်တကယ် ဝင်ငွေနိမ့်ကျခြင်းကို တွေ့ရှိရကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၂ သန်းရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ဒသမ ၄ သန်းခန့်ဖြစ်နိုင်ပြီး လူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါ မြို့ပြနေထိုင်သူ ၂၀ ဒသမ ၄ သန်းအနက် ၉ ဒသမ၂ သန်းခန့်မှာ လူဦးရေ တစ်သန်းအထက်ရှိသော မြို့ကြီးများတွင် နေထိုင်ကြမည်ဖြစ်ပြီး ၁ ဒသမ ၉ သန်းခန့်မှာမူ လူဦးရေ သုံးသိန်းမှ တစ်သန်းအတွင်းရှိသော အလယ်အလတ်မြို့များတွင် အခြေချ နေထိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ လူဦးရေ သုံးသိန်းအောက် မြို့ငယ်များတွင်မူ ၉ ဒသမ ၃ သန်းခန့် အခြေချ နေထိုင်ကြလိမ့်မည်ဟု ယူဆကြောင်းလည်း ဖော်ပြထားသည်။
လတ်တလော ရွှေ့ပြောင်းနေထိုင်မှုများသည် စီးပွားရေး အခွင့်အလမ်းများ အများဆုံး ရရှိနိုင်သော မြို့ကြီးများဆီ ဦးတည်နေသည် ဆိုခြင်းမှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သူများ အဓိက စီးဝင်လျက်ရှိပြီး မန္တလေးနှင့် နေပြည်တော်ကဲ့သို့ အခြားမြို့ပြ ဧရိယာများကိုလည်း ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့လူဦးရေသည် ၅ ဒသမ ၂ သန်းကျော်ရှိပြီး လာမည့် ၂၀၄၀ ခုနှစ်သို့ ရောက်ရှိပါက ရန်ကုန်မြို့၏ လူဦးရေသည် ၁၀ သန်းကျော်အထိ မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment