Wednesday, January 2, 2019

ဝင်ငွေနည်းအနုပညာသမားတွေအတွက် သက်ကြီးပင်စင်ထားပေးသင့်တယ်လို့ အကြံပြုတဲ့ သရုပ်ဆောင် ဦးလူမုန်း


အနုပညာလောကမှာ လုပ်ကိုင်မစားနိုင်တဲ့အရွယ်ဖြစ်လာသူတွေကို ထောက်ပံ့ပေးတဲ့ သက်ကြီးပင်စင်သဘောမျိုးပေးသင့်တယ်လို့ သရုပ်ဆောင် ဦးလူမုန်းက အကြံပြုပြောကြားလိုက်ပါတယ်။ 
သရုပ်ဆောင် ဦးလူမုန်းဟာ ရုပ်ရှင်နဲ့ ဗွီဒီယိုလောကမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ အမြဲပါဝင်သရုပ်ဆောင်လေ့ရှိပြီးတော့ ကိုယ်တိုင်လည်းအသက်အရွယ်ကြီးရင့်လာပြီဖြစ်သလို အခြားသောအသက်အရွယ်ကြီးရင့်လာတဲ့ ၀င်ငွေနည်းဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်တွေအတွက် အနုပညာလောက သက်ကြီးပင်စင် သဘောမျိုးပေးသင့်တယ်လို့ ထောက်ပြလာတာပါ။ “ မြန်မာနိုင်ငံမှာ အနုပညာသမားတွေက ရုပ်ရှင်၊ သဘင်၊ ဂီတ အားလုံးမှာ အဖွဲ့အစည်းတွေ ရှိကြတယ်။ ဒါပေမဲ့ နိုင်ငံတကာလို ထောက်ပံ့မှု အားနည်းပါတယ်။ နိုင်ငံတကာမှာဆိုရင် ပင်စင်ပေးတဲ့ သဘောမျိုးတွေရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်မြင်တာ မဟုတ်ပါဘူး။ သိတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ အဲဒီလို ပင်စင်မျိုး ရှိစေချင်တယ်ပေါ့ဗျာ။ လုပ်ကိုင်မစားနိုင်တဲ့အရွယ် ဖြစ်သွားတဲ့သူတွေကို ထောက်ပံ့သင့်တဲ့ ကိစ္စတစ်ခုပါ။ သက်ကြီးပင်စင်ဆိုတာ ထားသင့်ပါတယ်လို့ ကျွန်တော် ထင်တယ် မြင်တယ် ဖြစ်စေချင်တယ်။ လုပ်ပေးကြပါလို့ ပြောချင်ပါတယ် ” လို့ ဆိုပြီး အကုန်သိသတင်းဌာနရဲ့မေးမြန်မှုကို ပြန်လည်ပြောကြားလာပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းလာတဲ့အပေါ်မှာ သူရဲ့အမြင်ကတော့ “ တိုင်းပြည်စီပွားရေးအရ ထုတ်လုပ်သူတွေရဲ့စီးပွားရေးတွက်ချက်မှုအရ ဇာတ်ကားကြီးရိုက်မှုက နည်းလာပါတယ်။ နည်းလာရတဲ့အကြောင်းက ရုံတင်ရတာခက်ခဲတဲ့အတွက်၊ ငွေကြေးအောင်းရတာကြာတဲ့အတွက် ထုတ်လုပ်တဲ့သူတွေက ချိန်ဆရတော့ ကားရိုက်နည်းတာပေါ့။ ဗွီဒီယိုဆိုတာကလည်း မရှိသလောက်ဖြစ်သွားတဲ့အတွက် ဇာတ်ပို့လွှာလူတန်းစားတွေအကုန်လုံးက အခက်အခဲတွေ ရှိကြပါတယ်။ အဲဒါကြောင့် ဗွီဒီယိုလောကကြီးလည်း ပြန်လည်ထူထောင်စေချင်ပါတယ် ” လို့လည်း ပြောပါတယ်။ 

ဆက်လက်ပြီးတော့လည်း အနုပညာအပ်ါမှာ သူရဲ့ခံယူချက်ကို အခုလိုပဲ ပြောလာပါတယ်။ “ အနုပညာကို ဖက်တွယ်ပြီး သေဆုံးသွားမယ့်သူတွေထဲမှာ ကျွန်တော်ပါပါတယ်။ ကျွန်တော့် ရုပ်ရှင်သက်တမ်းဆိုရင် အနှစ်လေးဆယ်ရှိပြီးတော့ လူသက်တမ်းက ၆၀ နှစ်ရှိပါပြီ။ အနုပညာထဲမှာပဲ ကြီးပြင်းလာတဲ့အတွက် အနုပညာနဲ့ပဲ အဆုံးသတ်ချင်ပါတယ် ” လို့ သူကပြောပါတယ်။

(အကုန်သိသတင်းဌာန)

No comments:

Post a Comment