မှတ်ပုံတင်ရန် ပျက်ကွက်သော ကုမ္ပဏီများကို ကုမ္ပဏီများမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ကုမ္ပဏီနှင့်အဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်ပေးကြရန် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီ ၂ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ်အထူးကုမ္ပဏီများ အက်ဥပဒေတို့နှင့် မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီများ၊အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂၀၁၇နှင့်အညီ ကျင့်သုံးဆောင်ရွက်သည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် myco တွင် ၂၀၁၈ သြဂုတ်လ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့အထိ ၆လတာ ကာလအတွင်း သတ်မှတ်ပုံစံနည်းလမ်းများ အတိုင်းဆောင်ရွက်သွားကြရန်ဖြစ်သည်ဟု DICAမှ ကြေညာဖော်ပြချက်အရ သိရသည်။
၂၀၁၈ခုနှစ်မတ်လအတွင်း DICA မှ မြန်မာနိုင်ငံရှိနိုင်ငံသားများအနေဖြင့် စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူသက်သာစေရန် ကုမ္ပဏီ ထူထောင်မှု မှတ်ပုံတင်ကြေးများကို ကျပ်ငါးသိန်းမှ နှစ်သိန်းခွဲအထိ လျှော့ချပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင်မြန်မာနိုင်ငံသားကုမ္ပဏီ ငါးသောင်းကျော်နှင့် နိုင်ငံခြားသားကုမ္ပဏီ ခုနစ်ထောင်ကျော် မှတ်ပုံတင်ထားကြောင်း သိရသည်။
ကုမ္ပဏီများအားမှတ်ပုံတင်ထားခြင်းဖြင့် ဥပဒေနှင့်အညီ စာချုပ်ချုပ်ခွင့်၊ ပိုင်ဆိုင်ခွင့် ၊ငွေချေးယူခွင့်၊ ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်၊ ခုခံချေပခွင့်တို့ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မင်းသီဟန် (အကုန်သိသတင်းဌာန)

No comments:
Post a Comment