ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်လေတပ်စခန်း နေရာ ရွှေ့ပြောင်းရန် အစီအစဉ်ကို အိုကီနာဝါကျွန်း ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်အများစုက ကန့်ကွက်ခဲ့ကြသော်လည်း ဂျပန်အစိုးရက တည်ဆောက်ရေး အစီအစဉ်များ မတိုင်မီ တွန်းအားပေးရန် ရည်ရွယ်ထားသည်ဟု ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အိုကီနာဝါကျွန်းပေါ်ရှိ အမေရိကန် မရင်းတပ်ဖွဲ့၏ ဖူတန်းမားလေတပ်စခန်း နေရာရွှေ့ပြောင်းရေးနှင့်ပတ်သက်၍ တနင်္ဂနွေနေ့က ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ မဲပေးရန် အကြုံးဝင်သူများ၏ ၅၃ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ကြပြီး ၎င်းတို့အနက်မှ ၇၀ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။
အိုကီနာဝါကျွန်း အုပ်ချုပ်ရေးမှူး ဒန်နီတာမာကီသည် ကန့်ကွက်ရေးအဆိုဖြင့် မဲဆွယ်ကာ စက်တင်ဘာလက ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။
နိုင်ငံလုံခြုံရေးအတွက် ဝါရှင်တန်နှင့် မဟာမိတ်ဖွဲ့မှုက အဓိကကျသော ဂျပန်နိုင်ငံသည် အမေရိကန်တပ်ဖွဲ့များစွာကို အိုကီနာဝါကျွန်းပေါ်တွင် တပ်စွဲခွင့်ပေးထားသည်။
ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသူ ၂၅ ရာခိုင်နှုန်းက ထောက်ခံပါက အုပ်ချုပ်ရေးမှူးသည် ထိုရလဒ်ကို လေးစားလိုက်နာရမည်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတထံ အသိပေးရမည်ဖြစ်သည်။
တိုကျိုအစိုးရနှင့် အိုကီနာဝါ ဒေသအာဏာပိုင်များသည် လေတပ်စခန်း နေရာရွှေ့ပြောင်းရေးနှင့်ပတ်သက်၍ ယခင်ကတည်းက သဘောကွဲလွဲခဲ့ကြသည်။
အမေရိကန်-ဂျပန် သဘောတူညီချက်တွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးဆိုင်များ ဝန်းရံနေသော လေတပ်စခန်းကို လူနေကျဲသောနေရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းထားသည်။
သို့ရာတွင် ကျွန်းပေါ်တွင် စစ်စခန်းထားရှိမှုကို မျှတမှုမရှိသော ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကာ အမျက်ထွက်နေကြသော အိုကီနာဝါကျွန်း ဒေသခံများစွာက လေတပ်စခန်းကို ကျွန်းမှ ရုပ်သိမ်းသွားစေရန် ဆန္ဒရှိနေကြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အစိုးရအနေနှင့် ဆန္ဒခံယူပွဲရလဒ်များကို အလေးထားကြောင်းနှင့် အိုကီနာဝါကျွန်း ဒေသခံများ၏ နားလည်မှုကို ရရှိရန် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့သော် နေရာရွှေ့မည့် အစီအစဉ်ကို ဆိုင်းငံ့ထားရန် မဖြစ်နိုင်ကြောင်း တနင်္လာနေ့က သတင်းထောက်များအား ပြောကြားသည်။
“ဖူတန်းမားလေတပ်စခန်း ရွှေ့ပြောင်းဖို့ လိုအပ်ချက်ကို ရှောင်လွှဲလို့ မရတော့ပါဘူး။ ကမ္ဘာမှာ အန္တရာယ်အကြီးဆုံး ဖြစ်နေတဲ့ စခန်းကို နေရာရွှေ့ဖို့ သဘောတူထားခဲ့တာပဲ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပါပြီ။ နောက်ထပ် အချိန်ဆွဲဖို့ မဖြစ်နိုင်တော့ပါဘူး”ဟု အာဘေးက ပြောကြားသည်။
အုပ်ချုပ်ရေးမှူး တာမာကီက စခန်းနေရာရွှေ့ခြင်းကို လက်သင့်မခံသည့် ဒေသခံများ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို လက်ခံရန် အစိုးရအား တိုက်တွန်းထားသည်။
လွှတ်တော်တွင် နေရာရရန် ရုန်းကန်နေရသော အတိုက်အခံ CDPJ ပါတီကလည်း အာဏာရရှင် ဇိုအာဘေးအစိုးရ၏ လေတပ်နေရာ ရွှေ့ပြောင်းရေး အစီအစဉ်ကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားသည်။
ချူအိုတက္ကသိုလ် ပါမောက္ခဟောင်း စတီဖင်ရိဒ်က “ဒါက ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့ရဲ့ မူဝါဒကိစ္စမဟုတ်ပါဘူး။ အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်နေပါတယ်။ ဆန္ဒခံယူပွဲရလဒ်ကြောင့် အစိုးရရဲ့ သဘောထား ပြောင်းလဲသွားဖို့ မရှိပါဘူး”ဟု မှတ်ချက်ပေးသည်။
The Voice

No comments:
Post a Comment