Tuesday, February 26, 2019

ဇီးကုန်းတွင် ခြေဥပြင်ဆင်ရေး ထောက်ခံဆန္ဒပြ


သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်းရှိဒေသခံ ၃ဝဝ ကျော်သည် ဖေဖော်ဝါရီလ ၂၇ နေ့ နံနက်ပိုင်းက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲလုပ်ခဲ့ကြသည်။ 
ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်မှပြင်ဆင်ရန် ကြိုးစားနေမှုအား ကြိုဆိုသည့်အနေနှင့် ထောက်ခံဆန္ဒပြပွဲကျင်းပရခြင်းဖြစ်ကြောင်း ဦးဆောင်ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးလှိုင်ဝင်းက ပြောကြားသည်။ 

“နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ခုအချိန်မှာ အသက်တမျှအလွန်အရမ်းအရေးကြီးတဲ့ အခြေအနေဖြစ်ပါပြီ။ ပြည်သူအားလုံးရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေဖြစ်ဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

ခြေဥပြင်ဆင်ရေး ထောက်ခံဆန္ဒပြသူများသည် ဇီးကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက် စာတိုက်လမ်းရှိ NLD ပါတီ ရုံးမှ စတင်ထွက်ခွာလာပြီး နိုင်ငံတော်ကြီးတိုးတက်ဖို့ ၂၀၀၈ အခြေခံဥပဒေပြင်ကြစို့၊ ကောင်းမွန်မှန်ကန်သော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ပြည်သူအားလုံးဝန်းရံပေး စသည့်ဗီနိုင်းများကိုင်ဆောင်ကာ စာတိုက်လမ်းမှတဆင့် ဘုရားလမ်း၊ စည်ပင်လမ်း ထိုမှနေ၍ ဈေးလမ်းမှတဆင့် ကုန်သည်လမ်းတို့ကိုဖြတ်ကာ ရန်ကုန်-ပြည်လမ်းဘေး ရွာမလမ်းထိပ်ရှိ ဘိုးဘွားရိပ်သာခန်းမရှေ့၌ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ကြိုးပမ်းမှုကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်စိုက်ထူခဲ့သည်။ 

The Voice

No comments:

Post a Comment