ထီဈေးကွက်ထဲတွင် ကျပ်တထောင်တန်ထီလက်မှတ်ကို ဈေးနှုန်းလျှော့ချရောင်းနေရခြင်းသည် ထီဈေးနှုန်း အပြောင်းအလဲကာလတွင် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က News Watch ကို ပြောသည်။
''တခုနဲ့တခုအပြောင်းအလဲလုပ်တဲ့အချိန်မှာ ဈေးကွက်ရဲ့ဝယ်လိုအား၊ ရောင်းလိုအားကို မှန်းရတာ နည်းနည်းခက်တယ်။ နောက်တခုက ထီရောင်းဝယ်ရေးလုပ်တဲ့သူတွေကလည် နည်းနည်းလောဘကြီးပြီးတော့ အမြတ်အစွန်း ပိုလိုချင်တယ်။ ပိုလိုချင်တဲ့အခါကျတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားမှာရောင်းလိုအားများပြီး ဝယ်လိုအားနည်းတဲ့အတွက် အခုလိုဖြစ်နေတာပေါ့။ ထီလက်မှတ်ဈေးနှုန်းတင်ပြီးတော့ ပြောင်းလဲတဲ့အချိန်တိုင်း ဒါမျိုးတွေဖြစ်တတ်ပါတယ်။ ၂ဝဝ တန်ကနေ ၅ဝဝ တန်ပြောင်းတုန်းကလဲ ဒီတိုင်းပဲဖြစ်တယ်။ တလတန်သည်၊ ၂လ တန်သည် အချိန်ကျရင် ပြန်ငြိမ်သွားလိမ့်မယ်”ဟု ၎င်းက ပြောသည်။
သိန်း ၁ သောင်းဆုအတွက် ကျပ် ငါးရာတန်ထီလက်မှတ်များ ရောင်းချခြင်းကို ဧပြီလအကုန်တွင် အပြီးပိတ်သိမ်းပြီး ကျပ် တထောင်တန်ထီကိုသာ ဆက်လက်ရောင်းချမည်ဖြစ်ကြောင်းလည်း သိရသည်။
“၄ လပိုင်း ကုန်ရင် ၅ဝဝ တန်ထီကို ပြန်ဖြုတ်ပြီး ၁ဝဝဝ တန်ကိုပဲ ဖြန့်မယ်။ ဒါကတော့ ဖြစ်နေကျပုံမှန်ပဲ။ နောက်ပိုင်းဈေးကွက်မှာ ဘယ်လောက်ဝယ်လိုအားရှိတယ်ပေါ်မူတည်ပြီ ထိန်းညှိထုတ်မယ်ပေါ့''ဟု ၎င်းက ပြောသည်။
ပထမအကြိမ်မြောက် ကျပ်တထောင်တန်ထီနှင့် ၂၄ ကြိမ်မြောက် ကျပ် ၅ဝဝ တန်ထီကို မတ်လ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အောင်ဘာလေသိန်းဆုဌာနခွဲမှ ကျပ် ၁ဝဝဝ တန်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် 'က'မှ'အ' အက္ခရာအထိ ၃၃ လုံး၊ 'ကက'မှ 'ကဆ' အထိ အက္ခရာ ၇ လုံး၊ စုစုပေါင်း အက္ခရာ ၄ဝ လုံး၊ ထီလက်မှတ်စောင်ရေပေါင်း ၃၅၉၉၉၉၂ဝ စောင်ရောင်းချခဲ့ပြီး အထူးဆုကြီးကျပ်သိန်းတသောင်းခွဲအပါအဝင် ထီဆုပေါင်း ၂၆၄၄၉၅ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ကျပ် ၅ဝဝ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် 'က'မှ 'ဌ'အထိ အက္ခရာ ၁၂ လုံး၊ ထီလက်မှတ်စောင်ရေ ၁ဝ၇၉၉၉၇၆ စောင်ရောင်းချခဲ့ကာ အထူးဆုကြီး ကျပ်သိန်းတသောင်းအပါအဝင် ထီဆုပေါင်း ၃၁၂၇၂ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
''အရင် ငါးရာတန်ထီတုန်းက သူတို့ခြောက်ရာလောက်ရောင်းခဲ့ရတာပဲ၊ ကျွန်တော်တို့ အဲဒီတုန်းက အစိုးရ သတ်မှတ်တဲ့ ဈေးနှုန်းထက်ပိုပြီးထိုးခဲ့ရတာ။ ဘယ်မှတိုင်လို့မရဘူး၊ အခုမှ တထောင်တန်ထီကို ဈေးချရောင်းရ တာ အသံထွက်လာတာတော့ မဖြစ်သင့်ဘူးပေါ့''ဟု လစဉ်ထီထိုးသူတဦးက News Watch ကို ပြောသည်။
ကျပ် ၅ဝဝ တန်ထီလက်မှတ်နှင့် ၁ဝဝဝ တန်ထီလက်မှတ်ကို တပြိုင်တည်းထုတ်သည့်အတွက် ထီရောင်းအားကျဆင်းလျက်ရှိပြီး ကျပ် ၁ဝဝဝ တန်ထီလက်မှတ်ကို ငွေကျပ် ၃ဝဝ အရှုံးခံ၍ ရောင်းချ နေရကြောင်း၊ ထီကိုယ်စားလှယ်ကြီးများအနေဖြင့် ထီလောကတွင်ဆက်လက်ရပ်တည်နိုင်သော်လည်း ထီကိုယ်စားလှယ်ငယ်များထီလောကမှ ထွက်ခွာသွားနိုင်ကြောင်း၊ ၁ဝဝဝ တန်ထီ ၁ဝ စောင်ဝယ်ပါက ငါးစောင်အခမဲ့ပေးနေပြီး ၂ သောင်းဖိုးနှင့်အထက် ဝယ်ယူပါက အိမ်တိုင်ရာရောက် အခမဲ့ပို့ဆောင်ပေးနေသည် ဆိုင်များပင်ရှိကြောင်း။ ယင်းသို့မဖြစ်စေရန်အတွက် ကျပ် ၁ဝဝဝ တန်နှင့် ကျပ် ၅ဝဝ တန်ထီတခုခုကို အမြန်ဆုံးဖြုတ်သင့်ကြောင်း ထီအရောင်းကိုယ်စားလှယ်များက ပြောသည်။
TCM
ဓာတ်ပုံ - ရွှေဖီး
News Watch

No comments:
Post a Comment