ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် သံတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို ရက္ခိုင့်တပ်မတော် (အေအေ)က သီတင်းတပတ်နီးပါး ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
သံတောင်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီလောက် ပြန်လည်လွတ်မြောက်လာပြီး သူတို့ နေထိုင်ရာနေအိမ်တွေကို ပြန်ရောက်လာခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သူတို့နေထိုင်တဲ့ ကျေးရွာတွေက ရပ်မိ၊ရပ်ဖနှစ်ဦး လာရောက်ခေါ်ယူဖို့ အေအေ အဖွဲ့ကအကြောင်းကြားလာတဲ့အတွက် ချိန်းဆိုတဲ့နေရာကို ကျေးရွာရပ်မိရပ်ဖတွေ သွားရောက်သွား ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ပလက်ဝမြို့နယ်ထဲက ခူးချောင်းရွာစပ်က တောထဲမှာ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ဒေသခံရွာသားတွေက စိုးရိမ်တဲ့အတွက် ခေါ်သင့်၊ မခေါ်သင့် အာဏာပိုင်တွေထံ အသိပေးအကြံတောင်းခဲ့ရတယ်လို့ သံတောင်ကျေးရွာသားတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်က အေအေရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သံထောင်ရဲကင်းစခန်းကို ဝင်တိုက်ခဲ့ပြီး စခန်းမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
သူတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်က သံထောင်ကျေးရွာမှာပြုလုပ်ခဲ့တယ်လို့ ချင်းအခြေစိုက် ခိုနုမ်းသုန်သတင်းမှာရေးပါတယ်။
DVB





No comments:
Post a Comment