Wednesday, February 27, 2019

မှတ်တိုင်အရေအတွက် များပြားခြင်းကြောင့် ရန်ကုန်ကားမှတ်တိုင်များတွင် CCTV တပ်ရန် အစီအစဉ်မရှိသေးဟုဆို


ရန်ကုန်မြို့တွင်း၌ ဘတ်(စ်)ကားမှတ်တိုင်များ များပြားနေသည့်အတွက် CCTV တပ်ဆင်ရန် မဖြစ်နိုင်သေးကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ 
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့တော်အတွင်း ဘတ်(စ်)ကားများ မှတ်တိုင်နေရာများတွင် မရပ်သည့် စည်းကမ်းမဲ့ ဘတ်(စ်)ကားများကို အရေးယူနိုင်ရေးအတွက် ဘတ် (စ်)ကားမှတ်တိုင်များတွင် CCTV ကင်မရာတပ်ဆင်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

“ ရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ ဘတ်စ်ကားရပ်ရန် မှတ်တိုင်နေရာတွေမှာ မျဉ်းဝါအကွက်များ ရေးဆွဲပေးထားပါကြောင်း၊ ထိုမျဉ်းဝါအကွက်များတွင် ဘတ်စ်ကားမှလွဲ၍ အခြားသောကားများ ရပ်တန့်၍ မရသော်လည်း Taxi ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များ၊ ကုန်တင်ယာဉ်စသောယာဉ်များ ဝင်ရောက်ရပ်နားမှုကြောင့် ဘတ်စ်ကားများသည် မှတ်တိုင်မျဉ်းဝါအကွက်အတွင်း ဝင်ရပ်၍ မရသောဖြစ်စဉ်များလည်း ရှိပါတယ်။ သို့ဖြစ်ပါ၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူး ပေါင်းအဖွဲ့များ၊ YRTA မှစစ်ဆေးရေး လှည့်ကင်းများနှင့် လှည့်လည်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်မြို့ တော်အတွင်းရှိ မှတ်တိုင်များတွင် ဘတ်စ်ကားများ မှန်ကန်စွာရပ်တန့်မှု ရှိ/မရှိ စစ်ဆေးအရေးယူရန်အတွက် CCTV များတပ်ဆင်ရေးမှာ မှတ်တိုင်အရေအတွက် များပြားခြင်း၊ ကွန်ရက်စနစ် တည်ဆောက်ရန်လိုအပ်ခြင်းများကြောင့် လတ်တလော တပ်ဆင်နိုင် ခြင်း မရှိသေးပါဘူး ” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ 

မြို့တွင်း၌ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၄၀၀၀ ကျော်ရှိပြီး ဘတ်စ်ကားမှတ်တိုင် ၅၀၀ ကို JC Decaux ကုမ္ပဏီနှင့် FMI Decaux ကုမ္ပဏီတို့မှ အဆင့်မြှင့်တင်နေရာ လက်ရှိတွင် မှတ်တိုင်ပေါင်း ၂၀၀ ကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 

ကျန်ရှိနေသေးသည့် ဘတ်စ်ကားမှတ်တိုင်များကို ဆက်လက်ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ တင်ဒါခေါ်ယူထားကြောင်းလည်း သိရသည်။ 

AKonThi

No comments:

Post a Comment