ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတစ်ခုအနီး လယ်ကွက်တစ်ခုတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦး ဓာတ်ခဲအတွင်းမှ ကာဗွန်အချို့ကို သရက်သီးအစိမ်းနှင့် တို့စားမိရာမှ အစာအဆိပ်သင့်သည့် လက္ခဏာများဖြင့် သေဆုံးခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သိရှိရသည်။
သေဆုံးသူနှစ်ဦးမှာ ညီအကိုဝမ်းကွဲတော်စပ်ပြီး မတ်လ ၂၈ ရက် နံနက်ပိုင်းက ဆော့ကစားနေကြစဉ် ဓာတ်ခဲကိုထုနှက်ပြီး အတွင်းမှ အမှုန့်များကို သရက်သီးနှင့် တို့စားရာမှ မူးဝေအော့အန့်ပြီး ပဲခူးဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
“ကလေးနှစ်ဦးက ဆော့ကစားနေကြရင်း သရက်သီးနဲ့ ဓာတ်ခဲထဲကဟာတွေ တို့စားကြတယ်လို့ သိရတယ်။ ပဲခူးဆေးရုံမှာ သေဆုံးသွားတာဖြစ်ပြီး ကလေးနှစ်ဦးက ဝမ်းကွဲတော်စပ်ကြတယ်”ဟု ပဲခူးမြို့မ ရဲစခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကမာနတ်ကျေးရွာ အောင်မြေဇေယျာ ဘုန်းတော်ကြီးကျောင်းအနီး လယ်ကွင်းထဲတွင် နေထိုင်သည့် ဟိန်းမင်းထက် (၃ နှစ်)နှင့် ဟိန်းကိုကို(၆ နှစ်)တို့သည် အခြားကလေးငယ်တစ်ဦးနှင့်အတူ ဆော့ကစားခဲ့ကြပြီး သရက်သီးနှင့် ဓာတ်ခဲတစ်လုံး၏ အတွင်းမှအမှုန့်များကို တို့စားခဲ့ပြီးနောက် ရင်ပူသည်ဟုဆိုပြီး အိမ်ထဲဝင်ကာ ရေချိုးဇလုံထဲမှ ရေများကို ခပ်သောက်စဉ် လဲကျသွားခြင်းဖြစ်ပြီး ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပဲခူးမြို့မ ရဲစခန်းမှုခင်းမှတ်တမ်းများအရ သိရှိရသည်။
အမှုနှင့်ပတ်သက်ပြီး ပဲခူးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် ၁၀/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းမှ သိရှိရသည်။
The Voice

No comments:
Post a Comment