Wednesday, March 27, 2019

တီဘီ/အိပ်ခ်ျအိုင်ဗွီ စစ်တမ်းအရ တီဘီလူနာသစ်များ၏ ၉ ဒသမ ၃ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံနေရကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


၂၀၁၈ ခုနှစ် တီဘီ /အိပ်ခ်ျအိုင်ဗွီ စစ်တမ်းအရ တီဘီလူနာသစ်များ၏ ၉ ဒသမ ၃ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ 
ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် မြို့နယ်ခန်းမ၌ မတ်၂၄ ရက်က ပြုလုပ်သည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့တီဗီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

Global TB Report 2018 အရ တီဘီရောဂါသည် ကမ္ဘာပေါ်တွင် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကူးစက်ရောဂါကြောင့် သေဆုံးမှုအများဆုံး ရောဂါ ၁၀ မျိုးတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ ကမ္ဘာတွင် တစ်ရက်လျှင် တီဘီလူနာ ၃၀၀၀၀ ခန့် ဖြစ်ပွားနေပြီး လူဦးရေ ၄၅၀၀ ခန့် သေဆုံး လျက်ရှိကြောင်း သိရသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၇ ခုနှစ် ခန့်မှန်းချက်အရ တီဘီရောဂါဝေဒနာရှင် ၁၀ သန်းခန့် ဖြစ်ပွားခဲ့ပြီး ၁ ဒသမ ၃ သန်းခန့် သေဆုံးလျက်ရှိကြောင်း သိရသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင်လည်း တီဘီရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါ၊ တီဘီ/ အိပ်ခ်ျအိုင်ဗွီ ရောဂါရှာဖွေ ကုသရေးစီမံချက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းသုံးရပ်ကို အဓိကဦးစားပေး စီမံချက်ချပြီး မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ နှစ်ချုပ် အစီရင်ခံစာအရ စုစုပေါင်း တီဘီလူနာ ၁၄၀၀၀၀ နီးပါးခန့် ရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့်လည်း တီဘီတိုက်ဖျက်ရေးအတွက် ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၄ သန်း ခွင့်ပြု သုံးစွဲခဲ့ကြောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကျပ် သန်းပေါင်း ၆၂၆ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၀၀၀ ကျော်အထိ တိုးမြှင့်ပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်အရ သိရသည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ လူ ၁၀၀၀၀၀ တွင် တီဘီရောဂါ ၃၅၈ ဦး ဖြစ်ပွားခဲ့ပြီး ၅၁ ဦး သေဆုံးခဲ့ကြောင်းနှင့် ကမ္ဘာ့တီဘီ ရည်မှန်းချက်(End TB) ကို ၂၀၃၅ ခုနှစ်တွင် ပြည့်မီနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော End TB Strategy ကိုအခြေခံ၍ အမျိုးသား တီဘီတိုက်ဖျက်ရေး ငါးနှစ် မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၀)ကို အကောင်အထည်ဖော်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

တီဘီ /အိပ်ခ်ျအိုင်ဗွီ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ဆေးယဉ်ပါး တီဘီလူနာများကို ၂၀၁၆ ခုနှစ်၌ မြို့နယ်အားလုံးတွင် ရောဂါရှာဖွေ ဆေးကုသမှု ခံယူနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း ကုသခဲ့သော ဆေးယဉ်ပါး တီဘီလူနာများ၏ ဆေးကုသမှု အောင်မြင်မှုနှုန်းမှာ ၇၉ ရာခိုင်နှုန်းအထိ ရှိကြောင်းနှင့် မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်များသော နိုင်ငံများထဲတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment