Monday, March 25, 2019

အင်းလေးရေပေါ် သင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ခမ်းခမ်းနားနားကျင်းပမည်


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင်ရှိသည့် အင်းလေးဒေသတွင် ရေပေါ်သင်္ကြန်ပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် ခမ်းခမ်း နားနား ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 
အဆိုပါ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်တွင် လှေများ၊ ဖောင်များဖြင့် ရေကစားခြင်း၊ ဂီတဖျော်ဖြေပွဲများ ကျင်းပခြင်း၊ အလှမယ် ရွေး ချယ်ပွဲများ၊ အစရှိသည့် ပျော်ပွဲရွှင်ပွဲများ အပါအဝင် သံဃာတော်အပါး (၁၀၀၀) ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ပါဝင်ပြီး အဆိုပါ ပွဲတော်တွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်ဆင်နွှဲနိုင်ကြောင်း သိရသည်။ 
“ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ဟာ အရင်နှစ်တွေကလည်း ကျင်းပပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီး မခမ်းနားဘူး။ ဒါက ပထမဦးဆုံးအကြိမ် ခမ်းခမ်းနားနားနဲ့ ကျင်းပတာဖြစ်ပါတယ်။ ပြည်ပခရီးသွား ဧည့်သည်တွေကို နောက်နှစ်တွေကျရင် ဒါကို အကြောင်းပြုပြီး ခရီးစဉ်တစ်ခုအနေနဲ့ ရောင်းချလို့ရပါတယ်။ ဒီနှစ်ကတော့ ပြည့်သွားပြီ ဟိုတယ်တွေတောင် ပြည့်နေပြီ”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးနောင်နောင်ဟန်က ပြောသည်။ 
အင်းလေးဒေသ၏ ခရီးသွားပုံရိပ်ကို ထိခိုက်စေနိုင်သည့် ပုံရိပ်အချို့တွင် ဒေသခံများမှ အတင်းအဓမ္မ ဈေးရောင်းခြင်း၊ အလှူခံ ခြင်း စသည့် အချက်များကြောင့် ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ 
“အင်းလေးကိုသွားရင် အရင်တုန်းကနဲ့ မတူတော့ဘူး။ သက်ကြီးရွယ်အိုတွေကအစ အများကြီးပဲ။ ဈေးကိုအတင်း ရောင်းကြ တယ်။ မဝယ်ရင်လည်း မရဘူး။ လှေပေါ်ကဆင်းရင်တောင် သူတို့လက်ကို ကိုင်ရင် ပိုက်ဆံပေးရတယ်။ ဘာပဲပြောပြော စိတ်ဒုက္ခတော့ရောက်တယ်”ဟု အင်းလေးဒေသသို့ သွားရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် မဇင်ဇင်က ပြောသည်။ 
ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အင်းလေဒေသသို့ အနောက်နိုင်ငံမှ လာရောက်သည့် ခရီးသွားဦးရေမှာ ယခုနှစ်သုံးလအတွင်း ကျဆင်းနေကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment