အာဆာ (ARSA) အဖွဲ့သည် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် အခြေစိုက် စခန်းသစ်များ ထူထောင်ထားသည်ကို အိန္ဒိယက တွေ့ရှိခဲ့ပြီး အဆိုပါအခြေစိုက်စခန်းများသည် လုံခြုံရေးတပ်ဖွဲ့များနှင့် ကြီးမားသော အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ပြင်းထန်သော တိုက်ခိုက်မှုများလုပ်ဆောင်ရန် ကေဒါများအား လေ့ကျင့်ပေးရာနေရာများ ဖြစ်သည်ဟုဆိုသည်။
အခြေစိုက်စခန်းအချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) ဒုက္ခသည် စခန်းများနှင့် အလွန်နီးကပ်စွာတည်ရှိနေသည်ဟု အိန္ဒိယထောက်လှမ်းရေးအစီရင်ခံစာ အရ သိရသည်။
၎င်းတို့၏ ပစ်မှတ်များသည် အိန္ဒိယနှင့် မြန်မာတို့ရှိ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများဖြစ်သည်ဟုဆိုသည်။
အာဆာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများမှ လူများကိုစုဆောင်းလျက်ရှိပြီး ၎င်းတို့ကို အတွေးအခေါ်သစ်များ ရိုက်သွင်းခြင်း၊ အစွန်းရောက် အတွေးအခေါ်များ သွပ်သွင်းခြင်းတို့ကို ပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် ၎င်းတို့ အားလက်နက်များပေးထားသည်ဟု ထောက်လှမ်းရေးအစီရင်ခံစာက ဆိုသည်။
အာဆာအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတွင် လေ့ကျင့်ရေးစခန်းသုံးခု ရှိထားပြီး ဘင်္ဂါလီအများအပြားသည် အာဆာအဖွဲ့ထဲကို ဝင်ရောက်နေကြသည်ဟု မြန်မာအစိုးရကလည်း စွပ်စွဲပြောကြား ထားသည်။
မြန်မာအစိုးရ၏ပြောကြားချက်ကို ဆန့်ကျင်လျက် ဘင်္ဂလားဒေ့ရှ်က ၎င်းတို့၏ မြေပေါ်တွင် ယင်းကဲ့သို့ သောစခန်းများရှိနေသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကာ ဘင်္ဂါလီများ ပြန်လည်ထူထောင်ရေးတွင် ၎င်းတို့ အား အကူအညီပေးရန် အပြည်ပြည်ဆိုင်ရာ သိုက်အဝန်းထံမှထောက်ခံမှုကို တောင်းဆိုခဲ့သည်။
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် သောင်းကျန်းသူများ၏ ခြိမ်းခြောက်မှုများကို ဖယ်ရှားရှင်းလင်းရန် မကြာသေးခင်က အိန္ဒိယသည် ဧရာမစစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
အရှေ့မြောက်ပိုင်းအတွက် အရေးပါ သော ဧရာမအခြေခံအဆောက်အအုံ စီမံကိန်းတစ်ခုအပေါ် ခြိမ်းခြောက်မှုအား ဟန့် တားရန် အိန္ဒိယနှင့် မြန်မာတပ်မတော်တို့သည် ဖေဖော်ဝါရီ ၁၇ ရက်မှ မတ် ၂ ရက် အထိ ပူးတွဲစစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ကြသည်။
မြန်မာအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော AA လက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားလျက် အိန္ဒိယ တပ်မတော်သည် အရှေ့ဘက်ခြမ်းတွင် ကြီး မားသောစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့သည်။ ကုလားတန်မြစ်ကြောင်း စီမံကိန်းသည် AA လက်နက်ကိုင်အဖွဲ့၏ ခြိမ်းခြောက်မှုကိုခံနေရသည်ဟု အိန္ဒိယထောက်လှမ်းရေး အစီရင်ခံစာကဆိုသည်။
ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာ မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းမှ ကိုလ်ကတ္တားမြို့သို့  ဆက်သွယ်ပေးမည့်လမ်းကြောင်း စီမံကိန်းတစ်ခုဖြစ်သည်။
အဆိုပါလမ်းကြောင်းသည် မီဇိုရမ်ကို ချိတ်ဆက်မိကာ အဆုံးသတ်မည်ဖြစ်ပြီး ကုန်းတွင်းပိတ် အရှေ့မြောက်ပိုင်းအတွက် တံခါးပေါက်သစ်တစ်ခုဖြစ်သည်။ ကုလားတန်မြစ်ကြောင်းစီမံကိန်းသည် ကိုလ်ကတ္တားမှ မီဇိုရန်အထိခရီးအကွာအဝေး ကီလိုမီတာ တစ်ထောင်နီးပါးလျော့ကျသွားစေမည်ဖြစ်ပြီး ခရီးသွားလာချိန်ကိုလည်း အနည်းဆုံး လေးရက်သက်သာသွားစေမည်ဖြစ်သည်။
ကုလားတန်မြစ်ကြောင်းစီမံကိန်းကို ခြိမ်းခြောက်မှုများအား ညွှန်ပြထားသော ထောက်လှမ်းရေး အစီရင်ခံစာနှင့်အတူ အိန္ဒိယစစ်တပ်သည် မီဇိုရန်တောင်ဘက် မြန်မာနိုင်ငံတွင် အခြေစိုက်စခန်းများထူ ထောင်ထားသော သောင်းကျန်းသူအဖွဲ့ များကို ဖော်ထုတ်ရန် မစ်ရှစ် ချမှတ်ထားခဲ့သည်။
AA လက်နက်ကိုင်အဖွဲ့သည် လက်လုပ်ဗုံးပြုလုပ်နည်းကို ကောင်းစွာလေ့ကျင့် သင်ကြားပေးထားသည်ဟု အစီရင်ခံစာက တွေ့ရှိထားပြီး အဆိုပါ လက်လုပ်ဗုံးများသည် ကုလားတန်မြစ်ကြောင်းစီမံကိန်းအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး အလုပ်သမားများအတွက်လည်း ပိုမိုကြီးမားသောခြိမ်းခြောက်မှု ဖြစ်သည်ဟုဆို သည်။
“ဒါဟာ အိန္ဒိယ နဲ့ မြန်မာနှစ်နိုင်ငံစလုံးအတွက် အလွန်စိုးရိမ်စရာ ကိစ္စဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
ယခုနှစ် ဇန်နဝါရီတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝက်ကျင်းရွာအနီးရှိ နယ်ခြားစောင့်ကင်းစခန်းကို အာဆာသောင်း ကျန်းသူ ၁၀ ဦးက ချုံခိုတိုက်ခိုက်ခဲ့သောကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။
Eleven Media Group






0 comments:
Post a Comment