အိန္ဒိယအနေနှင့် အာကာသကြီးစိုးမှုတွင် ပါဝင်နိုင်သောအာကာသ ပါဝါနိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း ဝန်ကြီးချုပ် နာရန် ဒြာမိုဒီက ပြောကြားလိုက်သည်ဟု BBC တွင် ဖော်ပြထားသည်။
အာကာသဂြိုဟ်ပတ်လမ်းနိမ့်ထဲရှိ မည်သည့်အရာကိုမဆို ပစ်ချနိုင်သော ဒုံးပျံများကို ပိုင်ဆိုင်ထားပြီဟု နာရန်ဒြာမိုဒီက ပြောကြားသည်။
တိုင်းပြည်ကို မိန့်ခွန်းပြောမည်ဟု မိုဒီက twitter တွင် ကြေညာလိုက်ပြီး နောက်ပိုင်း ဘာများပြောမည်နည်း ဆိုသည်ကို တစ်တိုင်းပြည်လုံးက စိတ်ဝင်စားလျက်ရှိကြသည်။
ဂြိုဟ်တုများကို ပစ်ချနိုင်သော ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှားတို့ပြီးလျှင် အဆိုပါလက်နက်မျိုးပိုင်ဆိုင်သော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့ပေသည်။
ထို့ကြောင့် အိန္ဒိယသည် ပိုမိုအားကောင်းလာကာ ပိုလုံခြုံလာပြီး ငြိမ်းချမ်းရေးနှင့် သဟဇာတရှိရေးတွင်လည်း တိုးတက်လာမည်ဟု မိုဒီက ဆိုသည်။
အာကာသလမ်းကြောင်းကို စစ်ရေးအရ အသုံးပြုခြင်းအနေအထားသို့ နောက်ထပ်ဝင်ရောက်လာသည့် သဘောဖြစ်သည်ဟု BBC ၏ စစ်ရေးသတင်း သုံးသပ်ရေးသားသူ ဂျိုနသန်မားကပ်စ်က ပြောကြားသည်။
မကြာသေးခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရကလည်း အာကာသ တပ်ဖွဲ့ဝင်များဆိုသည့် သဘောထားကို ပြောကြားခဲ့သေးသည်။ အာကာသတပ်သည် အမေရိကန်စစ်တပ်၏ နောက်ထပ် စစ်တပ်ခွဲတစ်ခုဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည်။
တရုတ်ကလည်း အဆိုပါအာကာသ လက်နက်တပ်ဆင်ခြင်းများရှိခဲ့ရာ အာကာသကို လွှမ်းမိုးရေးအပြိုင်ဖြစ်လာမည်ဟု ယင်းသတင်းက ခန့်မှန်းထားသည်။
အာကာသစမ်းသပ်မှုများ၏ အပျက်အစီးများသည် ကမ္ဘာမြေပေါ်သို့သာကျ ရောက်ကြမည်ဖြစ်ရာ အရပ်ဘက် ပြည်သူများကို ထိခိုက်နိုင်ခြေရှိသည်ဟုလည်း ထောက်ပြထားသည်။
သျှာကတီစစ်ဆင်ရေးဟု အမည်ပေးထားသော အာကာသသို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များကိစ္စနှင့် ပတ်သက်ပြီး မိုဒီအစိုးရက အသေးစိတ် မထုတ်ပြန်သေးပေ။
The Voice

No comments:
Post a Comment