မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲ အင်အား ၁၀၀ ကျော်ဖြည့်တင်းထားကြောင်း ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှ သိရသည်။
ရန်ကုန်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်အပါအဝင် မဏ္ဍပ်ပေါင်း ၃၅ ခုဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းတွင် ယာဉ်ကြော ကျပ် တည်းမှုနှင့် ယာဉ်မတော်တဆမှုလျှော့ချနိုင်ရန်အတွက် လက်ရှိ ရှိနေသည့် ယာဉ်ထိန်းအင်အား ၁၀၀၀ အပြင် အင်အား ၁၀၀ ကျော်ကို ဖြည့်တင်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်သင်္ကြန်အတွက် အင်အားကို ၁၀၀ ကျော်လောက်ဖြည့်တင်းပေးထားတယ်။ အရင်နှစ်ကပုံစံအတိုင်းပဲ ဆောင်ရွက်သွား မယ်။ မနှစ်ကဆိုရင် ယာဉ်မတော်တဆမှု တော်တော်လေးနည်းတယ်။ မရှိသလောက်ပဲ။ လူတွေကလည်း စည်းကမ်းလိုက်နာကြ တယ်။ ဟိုးအရင်နှစ်တွေဆိုရင် ယာဉ်မတော်တဆမှုက တော်တော်လေးများတယ်။ ဒီနှစ်လည်း အတတ်နိုင်ဆုံး လျော့ကျအောင် ဆောင်ရွက်သွားမှာပါ”ဟု ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျား လမ်းမှ ကုက္ကိုင်းမီးပွိုင့်ကြားကို မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုသည့်လမ်းများအဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။
မဏ္ဍပ်အကြီးများအဖြစ် မျက်နှာစာအရှည်ပေ ၁၂၀ မှ ပေ ၁၅၀၊ အနောက်ဘက်သို့ ပေ ၄၀ နှင့် အမြင့်ပေ၂၀ အထိ ဆောက်လုပ် ခွင့်ပြုထားပြီး အာမခံစပေါ်ငွေ ကျပ် သိန်း၂၀၀ တင်ရမည်ဖြစ်ကာ မဏ္ဍပ်အလတ် ဆောက်လုပ်ပါက မျက်နှာစာအရှည်ပေ ၅၀ မှ ပေ ၁၁၀၊ အနောက်ဘက်သို့ ပေ ၃၀ နှင့် အမြင့် ၁၈ ပေအထိ ဆောက်လုပ်နိုင်ပြီး အာမခံစပေါ်ငွေ ကျပ်သိန်း ၁၀၀ တင်ရ မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား)၏ ထုတ်ပြန်ချက်မှ သိရသည်။
၂၀၁၈ ခုနှစ် သင်္ကြန်ကာလတွင် မဏ္ဍပ်ပေါင်း ၉၅ ကျော်ခွင့်ပြုထားသော်လည်း မဏ္ဍပ် ၃၀ ကျော်သာ ဆောက်လုပ်ခဲ့ကြောင်း သိ ရသည်။
စုသက်နှင်း(အကုန်သိ သတင်းဌာန)

No comments:
Post a Comment