ပြည်သူ တစ်ရပ်လုံး၏ သဘောထားဆန္ဒကို လေးစား တန်ဖိုးထားပြီး မြစ်ဆုံစီမံကိန်း အပြီးသတ် ဖျက်သိမ်းပေးရန် အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က တောင်းဆိုခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အရပ်ဘက် အဖွဲ့အစည်းများဖြင့် စုစည်းဖွဲ့စည်းထားသော “ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ - UCCPF” က ဦးဆောင်၍ တတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ် ၁၈ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် အရပ်ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က တစ်စုတစ်စည်းတည်း သဘောထား ထုတ်ပြန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖိုရမ်သို့ နိုင်ငံတစ်ဝှမ်းရှိ ကဏ္ဍအလိုက်ကို အခြေခံသော အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်ကြီး ငါးဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုမှ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၄၂၉ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အထောက်အကူပြုပေးသည့် အဖွဲ့ဝင်များ ကျား ၃၅၅ ဦး၊ မ ၂၀၇ ဦး စုစုပေါင်း ၅၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်တွင် ဖက်ဒရယ်မူဝါဒ စာတမ်းနှင့် မြေယာမူဝါဒ စာတမ်းများကို ပြုစုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းစာတမ်းများနှင့် ပတ်သက်၍ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (တတိယအကြိမ်) တွင် ပြန်လည်ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း UCCPF နည်းပညာဆပ်ကော်မတီဝင် နန်းနုစံပယ်ဖြူက ပြောကြားသည်။
ထို့ပြင် နိုင်ငံတစ်ဝှမ်း လတ်တလော ဖြစ်ပေါ်နေသော ငြိမ်းချမ်းရေးနှင့်ဆက်စပ်သော အခြေအနေများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်တွင် လက်ရှိပါဝင်နေရသည့် အခန်းကဏ္ဍများကိုလည်း ၎င်းဖိုရမ်တွင် လေ့လာသုံးသပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့ လေ့လာသုံးသပ်ရာတွင် လက်ရှိကာလသည် ငြိမ်းချမ်းရေးဖော်ဆောင်မှု၏ ကြားကာလဖြစ်စဉ် ဖြစ်သောကြောင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေမည့် ကြီးမားသော စီမံကိန်းများကို ဆောင်ရွက်ခြင်းမရှိဘဲ ရပ်ဆိုင်းထားရန်၊ ဒေသခံ ပြည်သူများသာမက ဧရာဝတီမြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေကြသော ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ပြည်သူများ၏ အနာဂတ်ကို မျှော်တွေးပြီး ပြည်သူတစ်ရပ်လုံး၏ သဘောထားဆန္ဒကို လေးစားတန်ဖိုးထားကာ မြစ်ဆုံစီမံကိန်းကို အပြီးသတ် ဖျက်သိမ်းပေးရန် အဆိုပါဖိုရမ်က ထုတ်ပြန်ခဲ့သည်။
“မြစ်ဆုံစီမံကိန်း သူတို့ပြောထားတဲ့ အတိုင်းပဲပေါ့။ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ပေးဖို့။ မြစ်ဆုံစီမံကိန်းကို သူတို့ သဘောမတူဘူးပေါ့နော်”ဟု နန်းနုစံပယ်ဖြူက ဆိုသည်။
မြစ်ဆုံစီမံကိန်း အပါအဝင် ကြီးကျယ်သည့် စီမံကိန်းကြီးများနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အမြင်ကျယ်ကျယ် စဉ်းစားစေလိုကြောင်းနှင့် အစိုးရ၏ ဆုံးဖြတ်ချက်များကို ပြည်သူများအား တင်ပြမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၄ ရက်က ပြည်မြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်သာမက နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်ကိုပါ ထိခိုက်ပျက်စီး စေနိုင်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး နိုင်ငံရေးစားပွဲဝိုင်းတွင် တရားမျှတပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန်၊ ၎င်းဒေသအတွင်းရှိ အရပ်သားများနှင့် စစ်ရှောင်များအား အကာအကွယ်ပေးရေး ကူညီထောက်ပံ့ရေးကိစ္စများကို အစိုးရနှင့် သက်ဆိုင်ရာ လူသားချင်း စာနာထောက်ထားသည့် အဖွဲ့များအနေဖြင့် အမြန်ဆုံးထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ လက်ရှိ အပစ်ရပ်ထားသည့် နယ်မြေများ ထိတွေ့မှု လုံးဝပပျောက်စေရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ပြီး ကာလအကန့်အသတ် မရှိသော နိုင်ငံတစ်ဝန်းလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနှင့်တပ်မတော်က ဦးစွာကြေညာရန် ယင်းဖိုရမ်က တောင်းဆိုခဲ့သည်။
ထို့နောက် ပြည်တွင်း ပြောင်းရွှေ့နေထိုင်သော စစ်ဘေးရှောင်များ၏ လုံခြုံရေး၊ လူမှုရေးလိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးနှင့် သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်နေရာများ ထိခိုက်ပျက်စီး မှုမရှိစေရေးအတွက် ဘက်စုံရှုထောင့်စုံမှ ကူညီပံ့ပိုးရန်၊ ပြည်တွင်း ပြောင်းရွှေ့နေထိုင်သော စစ်ဘေးရှောင်များအား ပြန်လည်ရွှေ့ပြောင်း နေရာချထားရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့မှ လူသားချင်းစာနာမှု အထောက်အပံ့ပေးနေသော လူမှုအဖွဲ့အစည်းများနှင့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆွေးနွေးမှုများ အမြန်ဆုံး လုပ်ဆောင်ပေးရန် ဖိုရမ် တက်ရောက်လာသူ ကိုယ်စားလှယ်များက တောင်းဆိုခဲ့သည်။
လတ်တလော တစ်ဆို့နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်ကို ချောမွေ့စွာ တက်လှမ်းနိုင်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက မျှမျှတတ တရားမျှတစွာဖြင့် ထည့်သွင်းစဉ်းစားပြီး NCA ကို လက်မှတ် မထိုးသောအဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် အမြန်ဆုံးညှိနှိုင်း ဆောင်ရွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်ကို ပိုမို အထောက်အကူပြုရန်အလို့ငှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းများ ထိရောက်စွာ ပူးပေါင်းပါဝင်နိုင်သော အခင်းအကျင်းများကို ဖန်တီးပေးရန် အဆိုပါဖိုရမ်က ထုတ်ပြန်ခဲ့သည်။
Eleven Media Group






0 comments:
Post a Comment