Thursday, March 28, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာရေး၊ အချက်အလက် သိအောင် ပို့ပေးမည်


ရခိုင်ပြည်နယ်အတွင်းပြင်ဆင်ထားတဲ့ ပြန်လည်လက်ခံရေးစခန်းတွေ၊ အိမ်ယာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေပါဝင်တဲ့ “Factsheet” ခေါ် သတင်းအချက်အလက် စာရွက်တွေကို ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူတွေဆီ ပေးပို့သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ မတ်လ (၂၅)ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener နဲ့ တွေ့ဆုံပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။ 
  
ဒီလူတွေကိုပြန်လည်လက်ခံရေးအတွက် မြန်မာဘက်က အဆင်သင့်ပြင်ထားပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဘင်္ဂလားဒေ့ရှ်မှာ အထွေထွေရွေးကောက်ပွဲရှိတဲ့အတွက် လုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းထားခဲ့ပါတယ်။ အခု ဧပြီလထဲမှာတော့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစည်းအဝေးကျင်းပဖို့ စီစဉ်နေပြီး လုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ဖွယ်ရှိတယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ 

ဒီကိစ္စတွေ ကူညီရေးအတွက် အာဆီယံနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်နေမှုတွေ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC, IFRC တို့နဲ့ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုကိစ္စ၊ အကောင်အထည်ဖော်နေတာတွေကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မတ်လ (၂၄)ရက်က မြန်မာနိုင်ငံဆီရောက်လာတဲ့ ကုလအထူးကိုယ်စားလှယ် Christine Burgener ဟာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မတ်လ (၂၆)ရက်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။



One News Myanmar 

No comments:

Post a Comment