အွန်လိုင်းမှသိကျွမ်းခင်မင်ခဲ့သူအား သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီး ပါလာသည့်ပစ္စည်းများ လုယက်ခံခဲ့ရ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မတ်လ ၉ ရက်နေ့ နံနက်(၆)နာရီ အချိန်ခန့်တွင် မ××××၊ ၂၄နှစ်၊ (ဘ)ဦးသိန်းထွန်း၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ နေသူသည် လူမှုကွန်ယက်စာမျက်နှာတွင် ခင်မင်ရင်းနှီးသော ထက်နေအောင် (ခ)ထက်မြတ်အောင်၊ ၂၇နှစ်၊ (ဘ)ဦးနှင်းမောင်၊ ကမ်းဖြူကျေးရွာ၊ ဝက်လက်မြို့နယ်နေသူမှ တွေ့ဆုံလိုကြောင်း ပြောဆိုသဖြင့် မန္တလေးမြို့ရှိ စွယ်တော်ဘုရားသို့ သွားရောက် တွေ့ဆုံခဲ့ပါသည်။
ထက်နေအောင်(ခ)ထက်မြတ်အောင်မှ စစ်ကိုင်းဘက်သို့ ဘုရားဖူးသွားရန် ပြောဆိုခေါ်ဆောင်သဖြင့် မ××××သည် ထက်နေအောင်(ခ)ထက်မြတ်အောင်၏ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့စဉ် အဆိုပါနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက် ကောင်းမှုတော်ဘုရားမြောက်ဘက်သို့ ရောက်ရှိသောအခါ ထက်နေအောင်(ခ) ထက်မြတ်အောင်မှ တောလမ်းအတိုင်းခေါ်ဆောင်သွားခဲ့ပြီး လူပြတ်သည့်နေရာ အရောက်တွင် ဆိုင်ကယ်အား ရပ်တန့်ပြီး မ×××× ဝတ်ဆင်ထားသော အလေးချိန် (၆)ပဲ(၁)ရွေးခန့်ရှိ အဝိုင်းပုံလက်စွပ်(၁)ကွင်း တန်ဘိုး(၃၅၆၂၅ဝိ/-)ခန့်၊ လည်ပင်းတွင်ဆွဲထားသော အလေးချိန် (၄)ပဲ(၁)ရွေးခန့်ရှိ ဘောလုံးပုံဆွဲသီး(၁)ခု တန်ဘိုး(၂၃၇၅၀ဝိ/-)ခန့်ပါ အလေးချိန် (၁၂)ပဲ(၂)ရွေးခန့်ရှိ ဇောင်းကျိုးပုံ ရွှေဆွဲကြိုး(၁)ကုံး တန်ဘိုး(၇၁၂၅၀ဝိ/-)ခန့် အား ချွတ်ပြခိုင်း၍ ချွတ်ပြရာ ဆွဲဖြုတ်ယူခဲ့သဖြင့် အော်ဟစ်အကူအညီတောင်းခံရန် ပြုလုပ်စဉ် ၎င်း၏ခါးကြားတွင် သိုဝှက်ယူဆောင်လာသော ဓါးမြှောင်တစ်ချောင်းအား ထုတ်ပြပြီး ရွှေထည်ပစ္စည်းများအား ယူဆောင်ထွက်ပြေးသွားခဲ့ပါသည်။
ရွှေထည်ပစ္စည်းများအား ဆွဲဖြုတ်ယူဆောင်သွားသူ ထက်နေအောင် (ခ)ထက်မြတ်အောင် အား အရေးယူပေးရန် မ××××မှ တရားလိုပြုလုပ် လာရောက်တိုင်တန်းခဲ့သဖြင့် စစ်ကိုင်းမြို့မရဲစခန်း (ပ)၃၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရ အမှုရေးဖွင့်ကာ တရားလိုအား ဖြစ်စဉ်အသေးစိတ်မေးမြန်းခဲ့ပြီး အဆိုပါ အမျိုးသမီး၏ သူငယ်ချင်းဖြစ်သူအား အကူညီတောင်းခံ၍ မြစ်ငယ်တံတားအနီးတွင် ထပ်မံချိန်းဆိုစေပြီး စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်စိုးမင်း ဦးစီးအဖွဲ့၊ စစ်ကိုင်းနယ်မြေ ရဲကင်းမှ ရဲအုပ် ဇော်ထွန်းနှင့်အဖွဲ့တို့မှ တံတားအနီးစောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ တရားခံအား ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိကာ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ပြီး အလားတူအခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ အသေးစိတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit - စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့
The Ladies News








0 comments:
Post a Comment