ငြိမ်းချမ်းရေးအတွက် မိုင်ပေါင်း ၁၅၀၀ ဆိုင်ကယ်စီးတဲ့ Peace Bike Tour အဖွဲ့ဟာ ဖြူးမြို့နယ်ကို မတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိခဲ့ပါတယ်။
အဖွဲ့မှာ ဆိုင်ကယ်အစီးရေ ၂၀ ကျော်၊ အဖွဲ့ဝင် ၄၀ ကျော်ပါဝင်ပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းစေဖို့ ရည်ရွယ်ပြီး ဆိုင်ကယ်ချစ်သူတွေ စုပေါင်းလှုပ်ရှားမှုတခုအနေနဲ့ ဆောင်ရွက်တာလို့ Peace Bike Tour အဖွဲ့ရဲ့ ပြန်ကြားရေး ကိုကောင်းက ပြောပါတယ်။
“အခုခရီးစဉ်မှာ ရည်ရွယ်တာကတော့ ငြိမ်းချမ်းရေးအတွက်ပါ။ ကျနော်တို့ ဖြတ်သန်းသွားမယ့် ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို နားထောင်မယ်၊ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သိထားတာတွေကို ပြန်ပြောပြမယ်။ အဓိကကတော့ ငြိမ်းချမ်းစေဖို့ပါပဲ။”
အဲဒီအဖွဲ့ဟာ မတ် ၂၇ မနက်ပိုင်းအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်းဆုံမှ စတင်ထွက်ခွာလာတာဖြစ်ပြီး တောင်ငူမြို့မှာ ညအိပ်ရပ်နားခဲ့တာပါ။
ဆိုင်ကယ်စီးအဖွဲ့ဟာ တောင်ငူမှ လွိုင်ကော်-တောင်ကြီးမြို့တွေကို ဖြတ်ကာ ပြင်ဦးလွင်မြို့အထိ စီးနင်းသွားမှာဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ဧပြီ ၃ ရက်နေ့ အရောက်သွားကာ ခရီးစဉ် အဆုံးသတ်မှာဖြစ်ပါတယ်။
Peace Bike Tour အဖွဲ့ဟာ အခုလို ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ဆိုင်ကယ်စီးတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
သတင်း – ကျော်အောင်(ကညွတ်ကွင်း)
DVB

No comments:
Post a Comment