Monday, March 25, 2019

ရုရှားစစ်လေယာဉ်များ တပ်ဖွဲ့ဝင်များ တင်ဆောင်လာကာ ဗင်နီဇွဲလားတွင် ဆင်းသက်


ရုရှားစစ်လေယာဉ်နှစ်စင်းသည် ဗင်နီဇွဲလားလေဆိပ်သို့ စနေနေ့က ဆင်းသက်ခဲ့ပြီး ရုရှားတပ်ဖွဲ့ဝင် ၁၀၀ နီးပါးကို တင်ဆောင်လာခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 
လေကြောင်းခရီးစဉ် ခြေရာခံမှတ် တမ်းတင်ပေးသော ဝက်ဘ်ဆိုက်က ရုရှား စစ်လေယာဉ်နှစ်စင်းသည် သောကြာနေ့က ကာရာကတ်စ်သို့ ဦးတည်ထွက်ခွာသွားသည်ဟု ဖော်ပြထားသည်။ အခြားဝက်ဘ်ဆိုက်တစ်ခုကလည်း တနင်္ဂနွေနေ့က ရုရှားစစ်လေယာဉ်တစ်စင်း ကာရာကတ်စ်သို့ ထွက်ခွာသွားသည်ဟု ဖော်ပြခဲ့သည်။ 

ဗင်နီဇွဲလားမြေပေါ်တွင် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး သုံးလခန့်အကြာတွင် ယခုကဲ့သို့ ရုရှားစစ်လေယာဉ်များ ရောက်ရှိလာခြင်းဖြစ်သည်။ 

ပထမလေယာဉ်သည် ရုရှား မြေပြင်တပ်ဖွဲ့များ ဦးစီးချုပ် ဗာဆီလီတွန်ကို ရှကူရော့ဗ်ကို တင်ဆောင်လာခဲ့ပြီး ဒုတိယလေယာဉ်တွင် ကုန်စည် ၃၅ တန် တင်ဆောင်လာခဲ့သည်ဟု သတင်းထောက် မာယိုကာက twitter တွင် စနေနေ့က တင်ထားသည်။ 

အီလူးရှင်း IL 62 ခရီးသည်တင် လေယာဉ်နှင့် အန်တိုနော့ဗ် AN 124 ကုန်တင်လေယာဉ်တို့သည် သောကြာနေ့တွင် ရုရှားစစ်ဘက်လေဆိပ် ချာလော့စကီးမှ ကာရာကတ်စ်သို့ထွက်ခွာခဲ့ပြီး ဆီးရီးယားတွင် ခေတ္တရပ်နားခဲ့သည်ဟု Flightradar 24 ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ 

ကုန်တင်လေယာဉ်သည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကာရာကတ်စ်သို့ ထွက်ခွာသွားခြင်းဖြစ်သည်ဟု လေကြောင်း ခရီးစဉ်မှတ်တမ်းတင် Adsbexchange ဝက်ဘ်ဆိုက်က ထုတ်ပြန်ထားသည်။ 

ရုရှားလေယာဉ်များသည် အပြန်အလှန် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်မည့် တာဝန်ရှိသူများကို တင်ဆောင်သွားခြင်းဖြစ်သည်ဟု ရုရှားအစိုးရအာဘော် Sputnik သတင်းဌာနက ထုတ်ပြန်သည်။ 

ရုရှားသည် ဗင်နီဇွဲလားတွင် စစ်ဘက် နည်းပညာဆိုင်ရာ ကန်ထရိုက်လုပ်ငန်းများ ရရှိထားသည်ဟု Sputnik သတင်းဌာနက ဆိုသည်။ 

အဆိုပါသတင်းနှင့်ပတ်သက်၍ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာနက ချက်ချင်းမှတ်ချက်ပေးခြင်း မရှိသေးပေ။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူတို့ကလည်း မှတ်ချက်ပေးခြင်း မပြုပေ။ 

အမေရိကန်အစိုးရက ဗင်နီဇွဲလား မာဒူရိုအစိုးရ၏ အဓိကဝင်ငွေရလမ်းဖြစ်သော ရေနံလုပ်ငန်းကဏ္ဍကို အကျပ်တွေ့စေမည့် အရေးယူပိတ်ဆို့မှုများကို ချမှတ်ထားသည်။ သို့ရာတွင် မာဒူရိုသည် ရုရှားနှင့် တရုတ်ထံမှ သံတမန်ရေး ကျားကန်ပံ့ပိုးပေးမှုကို ရရှိနေသည်။ 

ဒီဇင်ဘာလအတွင်းကလည်း ရုရှားက မာဒူရိုကို ထောက်ခံမှုပြသသည့်အနေနှင့် နျူကလီးယားလက်နက် သယ်ဆောင်နိုင်သော ရုရှားမဟာဗျူဟာ ဗုံးကြဲလေယာဉ် နှစ်စင်းကို ဗင်နီဇွဲလားတွင် ဆင်းသက်ပြခဲ့သည်။ 

မာဒူရိုက လာမည့်အပတ်တွင် ရုရှားမှပေးပို့သော ဆေးဝါးများ ရောက်ရှိလာမည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားထားသည်။ ဖေဖော်ဝါရီလအတွင်းကလည်း မော်စကိုက လူသားချင်းစာနာမှု အကူအညီ တန်ချိန် ၃၀၀ ပေးပို့ခဲ့သည်ဟု မာဒူရိုကဆိုသည်။ 

The Voice

0 comments:

Post a Comment