တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား မတ်လ ၂၆ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့်အတူ အကြီးတန်းနိုင်ငံရေးအရာရှိ Ms. Claudine Haenni တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အရှေ့မြောက်ဒေသရှိ MNDAA၊ TNLA၊ AA အဖွဲ့များက အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်လိုကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် တပ်မတော်၏ သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့မှုအခြေအနေများနှင့် တပ်မတော်မှပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ပြန်ချက်ပါအတိုင်း ကတိမတည်ဘဲ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက နယ်ခြားစောင့်ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့ပြီး ပြည်သူများအား အကြမ်းဖက်ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိမှုအခြေအနေများ၊ ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အပြုသဘောဆောင် ပူးပေါင်းဆောင် ရွက်ရန်လိုအပ်မှုနှင့် နိုင်ငံတကာမှ အခြေအနေမှန် များအား သိရှိအောင် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ ကချင် ပြည်နယ်အတွင်း IDP Camp များရှိ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးရေးကိစ္စရပ်များ၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်များ နှင့်နိုင်ငံတကာ၏ ဝေဖန်စွပ်စွဲချက်များအပေါ် စစ်ဘက်ဥပဒေနည်းလမ်းအတိုင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး သက်သေအထောက်အထား ခိုင်မာမှန်ကန်စွာဖြင့် ဖြစ်စဉ် အမှန်အတိုင်းဖော်ထုတ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်မှဆောင်ရွက်ချက်များနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွား လျက်ရှိသည့်အခြေအနေများအား အများပြည်သူများ သိရှိစေရန်အတွက် တပ်မတော် သတင်းစာ ရှင်းလင်းပွဲများ လစဉ်ပြုလုပ်ပေးနေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Credit
The Ladies News

No comments:
Post a Comment