Wednesday, March 27, 2019

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီဝင်များအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ Facebook စာမျက်နှာတွင် မဲဆွယ်မှုပြုလုပ်ခဲ့ခြင်းအပေါ် ဝေဖန်မှုများရှိ


ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီဝင်များအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ Facebook စာမျက်နှာတွင် မဲဆွယ်ခြင်းများ ပြုလုပ်မှုအပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။ 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ Facebook စာမျက်နှာ တစ်ခုဖြစ်သော Yangon Region Government Facebook စာမျက်နှာတွင် မတ် ၂၆ ရက် ညပိုင်းက “ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၃၃ မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများကို ပြည်သူများရဲ့ ညီညွတ်မှုအင်အားဖြင့် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေဖို့ မဲဆန္ဒရှင် ပြည်သူများ မပျက်မကွက် မဲရုံသို့သွားပြီး NLD စည်ပင်သာယာရေး ကိုယ်စားလှယ်လောင်းများကို မဲပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်” ဟု စာသားနှင့်အတူ NLD စည်ပင်သာယာရေး ကိုယ်စားလှယ်လောင်းများ မဲဆွယ်နေသည့် ဗီဒီယိုဖိုင်အား တင်ခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ တိုင်းဒေသကြီးအစိုးရ ကိုယ်တိုင် စည်ပင်သာယာ ရွေးကောက်ပွဲအတွက် ပါတီ ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် တိုက်တွန်းမှုမှာ မဖြစ်သင့်သည့် အခြေအနေဖြစ်ကြောင်း၊ ဒိုင်လူကြီးကိုယ်တိုင် ဝင်ကန်သည့် ဘောလုံးပွဲတစ်ခုနှင့် တူနေကြောင်း စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အမှတ် (၃) မှ ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးနေလင်းဇင်က ပြောကြားသည်။ 

“အစောကြီးကတည်းက ပါတီပဲ လုပ်ချင်တယ်ဆိုရင် ရော့အင့်ဆို ပေးလိုက်ပေါ့။အရင် ဦးသိန်းစိန်တို့ လက်ထက်မှာတောင် ကြိုက်ရင် ခန့်တယ်။ ကျွန်တော်တို့ ဝင်ပါစရာမလိုဘူး။ အခုလိုမျိုး ဒီမိုကရေစီ အယောင်ပြပြီး တစ်ဖက်လှည့်နဲ့ ဒိုင်လူကြီး ဘောလုံးဝင်ကန်တာကတော့ မဖြစ်သင့်ဘူး” ဟု ဦးနေလင်းဇင်က ပြောကြားသည်။ 

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနေဖြင့် ပါတီတစ်ခုလုံးနှင့် တစ်သီးပုဂ္ဂလိကတို့ ယှဉ်ပြိုင်ရသည့် အနေအထားဖြစ်နေပြီး ယခုကဲ့သို့ အစိုးရ၏ Facebook စာမျက်နှာတစ်ခုမှ မဲဆွယ်ပေးခြင်းသည် မတရားမှု တစ်ခုသာဖြစ်ကြောင်း စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အမှတ် (၃) မှ ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းချိုက ပြောကြားသည်။ 

“တစ်သီးပုဂ္ဂလအနေနဲ့ လက်ရှိ စည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်နေရတာက NLD တစ်ပါတီလုံးနဲ့ တစ်သီးပုဂ္ဂလ တစ်ယောက်တည်းနဲ့ ပြိုင်နေရသလို ဖြစ်နေတယ်။ ပါတီ အကုန်လုံးရဲ့အား အဲဒီအပြင် ပိုဆိုးတာက ပါတီအင်အားအပြင်ကို ပြည်သူ့ခေါင်းဆောင်နာမည်နဲ့ ရုပ်ပုံတွေကို ယူသုံးတယ်။အခုတစ်ခါ အစိုးရအဖွဲ့ရဲ့ Page ကိုပါ ယူသုံးတဲ့ အခါကျတော့ မတရားတာ တော်တော်တော့ များပါတယ်” ဟု ဦးဝင်းချိုက ပြောကြား သည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မှားယွင်းတင်မိခဲ့ခြင်း ဖြစ်သည်ဟု အစိုးရအဖွဲ့မှ အကြောင်းကြားကြောင်း၊ သို့သော် စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ရမည့်အပေါ် ပျက်ကွက်သည်ဟု ဆိုနိုင်ကြောင်း မဲဆန္ဒနယ် အမှတ် (၃) မှ ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုအောင်ခန့်က ပြောကြားသည်။ 

“သူတို့မှားသွားပါတယ် ဆိုတာ ကျွန်တော့်ကို လှမ်းအကြောင်းကြားတယ်။ အားလုံး (ကိုယ်စားလှယ်လောင်းများ) ကိုလည်း ပြောနေပါတယ်လို့ ပြောတယ်”ဟု ကိုအောင်ခန့်က ပြောကြားသည်။ 

ဆက်လက်၍ ကိုအောင်ခန့်က “သူများတွေ ဆိုင်းဘုတ်ထောင်ပြီး သိန်း ၂၀၀ ကျော်နေတာတွေလည်း ပြောရမှာပဲ။ အခုလို အစိုးရအဖွဲ့က Facebook Page မှာ မဲဆွယ်ပေးသလို ဖြစ်တာလည်း ပြောရမှာပဲ” ဟု ပြော ကြားသည်။ 

ယင်းသို့ အစိုးရအဖွဲ့၏ Facebook Page မှ ပါတီ ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ပေးခြင်းနှင့် ပတ်သက်ပြီး မသိရှိကြောင်း၊ Facebook Page မှာ ဆင်ဆာမရှိဘဲ ရေးချင်ရာ ရေးနေသည့် နေရာတစ်ခုဖြစ်ကြောင်း ရန်ကုန်စည်ပင်ရွေးကောက်ပွဲ၏ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။ 

“အဲဒီ Facebook စာမျက်နှာက ကျွန်တော် ဖတ်လည်း မဖတ်ဘူး။ ကြည့်လည်း မကြည့်ဘူး။ သိလည်း မသိဘူး။ အဲဒါကြောင့် မှတ်ချက်ပေးစရာ မလိုဘူး။ အဲဒီ Facebook ကို ကျွန်တော် မဖတ်ဘူး။ Facebook ဆိုတာက ရေးချင်တဲ့ သူကရေး ဆင်ဆာမရှိ ဘာမရှိ လုပ်နေတဲ့ကဏ္ဍလေ။ ရေးချင်တာ ရေးနေတဲ့ဟာကို ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး” ဟု ဦးအောင်ခိုင်က ပြောကြားသည်။ 

အစိုးရအဖွဲ့၏ Facebook စာမျက်နှာတစ်ခုမှ မဲဆွယ်ပေးခြင်းသည် မလုပ်သင့်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လုပ်သင့်သည်ကိုသာ ပြုလုပ်နိုင်ပြီး ပါတီနှင့်ပတ်သက်ပြီး လုပ်ပေးရန် မလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။ 

“ကျွန်တော်လည်း လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပါတီကို ကြည့်စရာ မလိုတော့ဘူး။ လွှတ်တော် ကိုယ်စားလှယ်သည်ပင်လျှင် အဲဒီလိုခံယူသင့်တယ်။ အခုလည်း အစိုးရတစ်ရပ်သည်ပင်လျှင် ကိုယ်က အစိုးရပဲ ပါတီကို ငဲ့ကွက်စရာ မလိုဘူး။ အစိုးရက လုပ်သင့်လုပ်တာကို လုပ်လေ။ အခုက ပါတီပုံရိပ်ငဲ့ပြီးတော့ အစိုးရက ပြတဲ့ဟာဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ မှတ်ချက်ပေးရရင်တော့ မကြိုက်ဘူး။ အစိုးရအဖွဲ့ တရားဝင် Page က မဲဆွယ်တာကတော့ မလုပ်သင်တဲ့ဟာ တစ်ခုပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။ 

စည်ပင်ရွေးကောက်ပွဲအတွက် ပြည့်စုံသည့် နည်းဥပဒေ မရှိခြင်းကြောင့် လုပ်ချင်ရာ လုပ်သည့်သဘောမျိုး ဖြစ်နေကြောင်း ဦးကျော်ဇေယျက ဆက်လက် ဝေဖန်သည်။ 

“ဥပဒေက ဟထားတယ်။ ပါတီပြိုင်ခွင့် မရှိဘူးလို့ မပါတာနဲ့ ပြိုင်လို့ရတယ်လို့ တွေးပြီး အာဏာပိုင် အဖွဲ့အစည်းက လိုရာဆွဲတွေးတယ်။ အခုအစိုးရအဖွဲ့က ဒါကို ထပ်လုပ်တယ် ဆိုတော့ ဥပဒေကို လိုသလို အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ သုံးသွားတာ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။ 

ယင်းသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ Facebook စာမျက်နှာတွင် ပါတီ ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ပေးသည့် Post အား မတ် ၂၇ ရက်တွင် ပြန်လည် ဖြုတ်ချထားသည်ကို တွေ့ရသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို မတ် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ NLD ပါတီမှဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ခြောက်ခုမှ ကော်မတီဝင် ခြောက်ဦး၊ မြို့နယ် တစ်မြို့နယ်တွင် မြို့နယ်ဥက္ကဋ္ဌ တစ်ဦးနှင့် အဖွဲ့ဝင် နှစ်ဦးဖြစ်သဖြင့် ၃၃ မြို့ နယ်အတွက် ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရွေးချယ် တင်မြှောက်မည် ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment