Wednesday, April 3, 2019

ပလက်ဝဒေသရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုလုပ်ရန် AA အဖွဲ့အားတောင်းဆို




ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုလုပ်ရန် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အား ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (KACC) မှ တောင်ဆိုးကြောင်း ကြေညာချက်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်ဟု KACC မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြက The Ladies News သို့ပြောကြားသည်။ 

ထုတ်ပြန်ချက်ထဲ၌ ပလက်ဝမြို့တွင် တည်ဆောက်နေသော ကုလားတန်မြစ်ကူးတံတား စီမံကိန်းအတွက် အသုံးပြုရန် သံဘောင်များ ပါဝင်သည့် ဆောက်လုပ်ရေးပစ္စည်းများကို တင်ဆောင်လာသည့် ရေယာဉ်အား မတ်လ ၁၆ ရက်နေ့က AA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မီးရှို့ခဲ့ခြင်းနှင့် မတ်လ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် ဆုထူးစံကုမ္ပဏီမှ ၀န်ထမ်း ၈ ဦးအား AA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ကို ဖေါ်ပြထားသည်။ 

`ပလက်ဝနယ် ဆိုတာက အားလုံးလည်း သိပါတယ်။ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံး ပြည်နယ်ထဲမှာမှ ကျွန်တော်တို့ ဒေသက အဆင်းရဲဆုံး။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လို့မရဘူး။ ယာယီ ရပ်ဆိုင်းထားတာ ရှိတယ်။ နောက်ပြီးတော့ အစိုးရ ဘက်ဂျက်နဲ့ လုပ်တဲ့ လမ်းဖေါက်တာတို့ ကျောင်းဆောက်တာတို့ တချို့ရပ်ဆိုင်းထားတာ ရှိတယ်။ အဓိက အဲဒါတွေကို အနှောင့်အယှက်မပေးဖို့ ထုတ်ပြန်ရတာ` ဟု ဦးစောမြက ပြောကြားသည်။ 

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉) မြို့နယ် တွင် ဖွံ့ဖြိုးမှုအနည်းဆုံး မြို့နယ်ဖြစ်ပြီး လက်ရှိ အစိုးရလက်ထက်တွင် ဒေသဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း၊ ယခုအခါ AA အဖွဲ့၏ လုပ်ဆောင်ချက်များသည် ပလက်ဝမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ အပါအ၀င် ဒေသဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို များစွာထိခိုက်နစ်နာစေလျှက် ရှိကြောင်း၊ ထို့ကြောင့် AA လက်နက်ကိုင် အဖွဲ့အနေဖြင့် နောင်တွင် ပလက်ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း လုံးဝမပြုလုပ်ရန် တောင်းဆိုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ 

ဦးစောမြက `ကျွန်တော်တို့ကတော့ ကြေညာချက်မှာ ပါတဲ့အတိုင်းပဲ AA ကိုလည်း ဒေသဖွံ့ဖြိုးရေး လုပ်တဲ့ဟာကိုတော့ အနှောင့်အယှက် မပေးပါနဲ့။ နောက်ပြီးတော့ အစိုးရဘက်ကိုကျတော့ နယ်မြေ တည်ငြိမ်ရေးအေးချမ်းရေးကို ဒီထက်မက ဆောင်ရွက်ပါလို့ တောင်းဆိုလိုပါတယ်` ဟု ပြောကြားသည်။ 

AA အဖွဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသသို့ စတင်အခြေချသည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပလက်ဝဒေသတွင် တပ်မတော်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခုဆိုလျှင် တိုက်ပွဲများကြောင့် ပလက်ဝဒေသတွင်း စစ်ဘေးရှာင်ဦးရေး ၂၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။ 

အောင်ရဲနောင် 
Photo - Special Credit & ခူမီးမီဒီယာ 
Photo - ပလက်ဝမြို့၊ ကုလားတန်မြစ်ကူးတံတားတည် ဆောက်နေမှု မြင်ကွင်းနှင့် ဆုထူးစံကုမ္ပဏီပိုင်ပစ္စည်းများအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ က မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မြင်ကွင်း 
The Ladies News 

No comments:

Post a Comment