မန္တလေး ချမ်းမြသာစည်မြို့ နယ်၊ မြို့ သစ်(၁)ရပ်ကွက် ၆၆လမ်းနှင့်၆၇လမ်း၊ ငုရွှေဝါနှင့်စိန်ခြယ်လမ်းကြား အေးသုခလမ်းသွယ်ရှိ တည်းခိုးခန်းတစ်ခုတွင် မှတ်ပုံတင်ပေးထားခြင်းမရှိဘဲလာရောက်တည်းခိုးသည့် အမျိုးသမီးတစ်ဦးကို ဧပြီ(၃)ရက် မွန်းလွဲပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ(၂)ရက် ည(၁၁)နာရီအချိန်က အဆိုပါအမျိုးသမီးသည် အမည်မသိအမျိုးသားတစ်ဦးနှင့်အတူ အခန်းအမှတ် C-001တွင်လာရောက်တည်းခိုခဲ့ကြပြီး အတူတည်းခိုသူအမျိုးသားမှာ ဧပြီ(၃)ရက် မွန်းလွဲ(၁)နာရီခွဲအချိန်က ပြန်လည်ထွက်ခွာခဲ့ပြီးနောက် မန်နေဂျာဖြစ်သူက အခန်းအားကြည့်ရှု့စစ်ဆေးခဲ့ရာ အမျိုးသမီးမှာ သေဆုံးလျက်ရှိခဲ့သည့်အတွက် နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးစိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့ နယ်ရဲမှူးဇော်ဝင်းနိုင်၊ အမှတ်(၁၁) နယ်မြေရဲစခန်းမှ ဒုရဲမှူးဇော်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအခန်းအတွင်းရှိ ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် စောင်ခြုံထားပြီး မျက်နှာတွင် တဘက်အဖြူ ရောင်အုပ်လျက် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
”သေဆုံးမှုနဲ့ပတ်သက်ပြီး မည်သူမည်ဝါဖြစ်ကြောင်းသိရှိနိုင်ရေးအတွက် ဌာနဆိုင်ရာတွေ ချိတ်ဆက်ပြီးလုပ်ဆောင်နေတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း အမြန်ဆုံးဖမ်းမိရရှိရေးဆောင်ရွက်နေတယ်။ စခန်းမှာတော့အမှုဖွင့်ထားတယ်။”ဟု အမှတ်(၁၁)နယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းတည်းခိုခန်းတွင် အမည်မသိအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသားအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၂၁၃/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မိုးမခ
Isee Media







0 comments:
Post a Comment