Sunday, April 28, 2019

တရုတ်သို့ ဆန်၊ ပြောင်း တရားဝင်တင်ပို့နိုင်ရေး အစိုးရချင်းဖြေရှင်းဆောင်ရွက်ပေးရန် တင်ပြ



တရုတ်သို့ ဆန်၊ ပြောင်း၊ သကြားများ တရားဝင် တင်ပို့ရောင်းချနိုင်ရေးအတွက် အစိုးရချင်း ချိတ်ဆက် ဆောင်ရွက်သည့်စနစ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် မူဆယ် -နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 
ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်သည့် ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်။ 

မူဆယ်နယ်စပ်ဒေသတွင် ဆန်၊ ပြောင်း၊ သကြားများကို ကုန်စည်ဒိုင်များဖြင့် ရောင်းချနေရပြီး တရုတ်က မဝယ်ယူသည့်အခါ မူဆယ်မြို့ရှိ ပစ္စည်းသိုလှောင်ရုံတွင် ကုန်ပစ္စည်း အများအပြား သိုလှောင်ထားရသဖြင့် သိုလှောင်ရုံ လုံလောက်မှုမရှိကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက ထည့်သွင်းတင်ပြထားသည်။ 

ထို့ပြင် အချို့သိုလှောင်ရုံများကို ငှားရမ်းသိုလှောင်ရသဖြင့် စရိတ်များ ပိုမိုကုန်ကျခြင်း၊ မိုးများသည့်ဒေသများဖြစ်သဖြင့် ကုန်ပစ္စည်းများ ပျက်စီးမှုဖြစ်ပေါ်ခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက တင်ပြထားကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။ 

လက်ရှိတွင်လည်း ပြည်တွင်း၌ ဆန်လက်ကျန်များကာ တရုတ်နိုင်ငံဘက်တွင်လည်း လုံခြုံရေး တင်းကျပ်ထားပြီး အဖမ်းအဆီးများ ပြုလုပ်နေသောကြောင့် မူဆယ် ၁၀၅ မိုင်တွင် ဆန်တန်ချိန် ရှစ်သောင်းခန့် ရောက်ရှိနေပြီး တရုတ်နိုင်ငံအတွင်းသို့ မတင်ပို့နိုင်ဘဲ ပိတ်မိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းထံမှ သိရသည်။ 

“လောလောဆယ် တရုတ်က လုံးဝ မဝယ်ဘဲပိတ်ထားပြီး တွေ့တာနဲ့ အကုန်ဖမ်းတာ။ တရုတ်ကုန်သည်တွေက ဝယ်ချင်တယ်။ ဒီနှစ် ပြောင်းစိုက်ပျိုးမှုကလည်း များလာတဲ့အတွက် ၄၀ ရာခိုင်နှုန်းက ပြည်တွင်းသုံးပြီး ပြည်ပပို့မယ့် ၆၀ ရာခိုင်နှုန်းက မပို့ရဘူး။ ထိုင်းနိုင်ငံတစ်ပေါက်တည်းကပဲ ပို့နေရတာ”ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောကြားသည်။ 

တရုတ်နှင့်ဆက်စပ်သည့် နယ်စပ်ဂိတ် အားလုံးတွင် အဖမ်းအဆီးများ ပြုလုပ်နေသောကြောင့် လယ်ယာထွက်ကုန်ပစ္စည်းအားလုံးကို တင်ပို့မှုရပ်နားထားရကြောင်း ကုန်သည်များထံမှ သိရသည်။


The Voice

No comments:

Post a Comment