တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံတဲ့ လူထုဆန္ဒပြပွဲကို ဧပြီ ၃ ရက်နေ့ မနက်က သီရိမြိုင်ရပ်ကွက် ၃ မိုင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
လူထုထောက်ခံပွဲမှာ ကဗျာဆရာစောဝေ၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့က ၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပွဲတက်ရောက်သူတွေကို ဟောပြောခဲ့ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ ကျမတို့ပြည်သူတွေရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒီတော့ ကျမတို့ ကိုယ့်တာဝန်ကိုယ်ကျေပွန်ဖို့အတွက် ဒီထောက်ခံပွဲကို လာရောက်တာလို့ ထောက်ခံပွဲကိုလာတာ” လို့ သုတဦးက ပြောပါတယ်။
ထောက်ခံပွဲကို ကော့သောင်းမြို့ပေါ်မှာရှိတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူတွေ တက်ရောက်ကြပြီး အင်းအား ၁၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
“၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဒီကနေ့ နိုင်ငံသူနိုင်ငံသားတွေ တောင်းဆို နေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့အတွက် လက်ရှိ ဥပဒေကတော့ မဖြစ်နိုင်ဘူး။ လက်ရှိဥပဒေကိုပြင်ဆင်ဖို့ လိုအပ်လာတယ်။ ဒီလိုပြင်ဆင်ဖို့အတွက် လွှတ်တော်ထဲ မှာ ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းထားတယ်။ အဲဒီဖွဲ့စည်းထားတဲ့ ကော်မတီကနေပြီးတော့ ဘယ်လိုဥပဒေတွေကို ပြင်ဆင်သွားမလဲ။ ဒါကို ကျနော်တို့ပြည်သူတွေက ထောက်ခံတယ် ဆိုတာကို အဓိကရည်ရွယ်ပြီး ဒီပွဲပြုလုပ်တာ” လို့ ပွဲဦးဆောင်ကော်မတီမှ ဦးမျိုးလွင်က ပြောပါတယ်။
လတ်ကိုကိုဦး
DVB

No comments:
Post a Comment