Wednesday, April 3, 2019

ရွှေဈေး ဆက်ကျ၊ စက်သုံးဆီဈေး ဆက်တက်

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ နီးကပ်လာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေး ဆက်လက်ကျဆင်းခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ ဆက်လက်ကျဆင်းပြီး ပြည်ပဈေးတက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။ 
ကမ္ဘာ့ရွှေဈေးသည် မတ်လနောက်ဆုံးပတ်ကထက် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၆ ဒေါ်လာခန့်နှင့် ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းကျော်ဈေးကျကြောင်း၊ စက်သုံးဆီဈေးကွက်တွင် ပြည်ပဈေးမှာ တစ်စည်လျှင် အမေရိကန်တစ်ဒေါ်လာမှ ၂ ဒေါ်လာခန့်သာ မြင့်တက်သော်လည်း ပြည်တွင်းဈေးမှာမူ တစ်လီတာလျှင် ၅ ကျပ်မှ ၂၅ ကျပ်အထိမြင့်တက်ကြောင်း ရွှေဘုံသာရွှေဈေးကွက်နှင့် စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။ 

“ကမ္ဘာ့ရွှေဈေးကျလို့ လိုက်ကျတာပါ။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ။ ဈေးအပြောင်းအလဲက ကမ္ဘာ့ဈေးအပေါ်ပဲ မူတည်တယ်။ အခုက ဒေါ်လာဈေးကလည်း ငြိမ်နေတယ်လေ။ ဒေါ်လာဈေးသာကျမယ်ဆို ရွှေဈေးပိုကျနိုင်ပါတယ်”ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။ 

လက်ရှိရွှေဈေးကွက်အခြေအနေအရ ကမ္ဘာ့ရွှေဈေးဆက်လက်ကျဆင်းပါက ပြည်တွင်းရွှေဈေးလိုက်ပါကျဆင်းနိုင်ပြီး စက်သုံးဆီမှာမူ သင်္ကြန်ကာလအနီးသို့ ရောက်ရှိနေခြင်းကြောင့် ဆက်လက်မြင့်တက်နိုင်ခြေရှိကြောင်း ယင်းလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ 

“စက်သုံးဆီက သင်္ကြန်နားနီးရင် ဒီအတိုင်းပဲတက်တတ်တယ်။ နှစ်တိုင်းပဲ တက်တာ။ သင်္ကြန်ရုံးပိတ်ရက်ဆိုတော့ ကုန်သွယ်မှုတွေရော၊ နယ်ဘက်ကို ပို့တာတွေရော ရပ်သွားတာကြောင့်ပါတယ်”ဟု ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။ 

ထိုသို့ရွှေဈေးနှုန်းဆက်လက်ကျဆင်း၍ စက်သုံးဆီဈေးဆက်လက်မြင့်တက်သော်လည်း အမေရိကန်ဒေါ်လာ ဈေးနှုန်းမှာမူ တစ်ဒေါ်လာလျှင် တစ်ကျပ်ခန့်သာ အတက်အကျဖြစ်ပေါ်ပြီး အကျဈေးဖြင့် ဈေးကွက်ငြိမ်သက်နေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။ 

လက်ရှိရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၄၂,၀၀၀၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၁၊ အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၁၀ ကျပ်ဈေးရှိကြောင်း၊ ပြည်တွင်းစက်သုံးဆီဈေးမှာ ဒီဇယ်တစ်လီတာလျှင် ၉၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၉၉၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၂၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၁၀ ကျပ်ဈေးရှိပြီး ပြည်ပဈေးမှာ အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၅ ကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၇ ကျော်၊ ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ကျော်၊ အဆင့်မြင့်ဒီဇယ် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ကျော်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

The Voice

No comments:

Post a Comment