Wednesday, April 3, 2019

မြန်မာ-ထိုင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး နှစ်နိုင်ငံလက်မှတ်ရေးထိုး


အိမ်နီးချင်းထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား ဒေသတွင်းအခြေပြု ခရီးသွားလုပ်ငန်းများနှင့် အခြားခရီးသွား လုပ်ငန်းများ ရေရှည်တည်တံ့ဖို့နှင့် တိုးတက်မြှင့်တင်မှုများ ရှိလာစေရန် နားလည်မှု စာချွန်လွှာ တစ်ရပ်ကို ဧပြီ ၃ ရက်နေ့က ရေးထိုးခဲ့ကြသည်။
အထူးသဖြင့် အနောက်ပိုင်း ရှေးဟောင်းမြို့တော် ဒွါရဝတီ ဥထောင်မြို့နှင့် အရှေ့ပိုင်း ရှေးဟောင်းမြို့တော် တနင်္သာရီမြို့ကြား ပေါင်းစပ်ပူးပေါင်းဆောင်ရွက်ရန်တို့အတွက်ဖြစ်သည်။

“ကျွန်တော်တို့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနှင့် မြန်မာ ပူးပေါင်းပြီးတော့ ခရီးသွား လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် လာရောက် ဆွေးနွေး လက်မှတ် ရေးထိုးတာ ဖြစ်ပါတယ်၊ လက်ရှိ ကျွန်တော်တို့ ခရိုင်ထဲမှာ ရှိတဲ့ တနင်္သာရီမြို့ ရှေးဟောင်း မြို့တော်ဟာ ဆိုရင်လည်း ထိုင်းနိုင်ငံသား ခရီးသည်တွေ အရမ်းစိတ်ဝင်စားတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဘက်မှာ ဒီလိုမျိုး ယဉ်ကျေးမှုတွေက တူညီနေလို့ ဖြစ်ပါတယ်”ဟု မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့်က ပြောသည်။

ထိုလက်မှတ်ရေးထိုးခြင်းကို ဧပြီ ၃ ရက်နေ့ နံနက်က မြိတ်မြို့ ၊ မြစ်ငယ်ရပ်ကွက်ရှိ ဟိုတယ် Grand Jade (၄) တွင် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်နှင့် မြိတ်ခရိုင် မောတောင်နယ်စပ် ဂိတ်တို့မှာ ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် အများဆုံး ဝင်ရောက်သော ခရိုင်ချင်းဆက်ဒေသတစ်ခုဖြစ်သည်။

ယခုလို လက်မှတ်ရေးထိုးခြင်းသည် ထိုင်းနိုင်ငံတွင် ဒေသတွင်း CBT ပြည်သူလူထုအခြေပြု ခရီးသွားလုပ်ငန်းမှာ အောင်မြင်မှု ရရှိနေပြီး၊ ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု စိတ်ဝင်စားမှု မြင့်တက်နေလျက်ရှိနေသလို မြိတ်ခရိုင်တွင်လည်း ယင်း ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်၍ ပြုလုပ်နိုင်သည့် နေရာ ဒေသ အများ အပြား ရှိနေ၍ ဖြစ်သည်။

လက်မှတ်ရေးထိုးပွဲသို့ ထိုင်းနိုင်ငံဘက်မှ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွန်များ၊ သမိုင်းပညာရှင်များ တက်ရောက်ခဲ့သလို မြန်မာဘက်မှလည်း ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသအခြေစိုက် ဧည့်လမ်းညွန်အသင်းနှင့် တနင်္သာရီမြို့၏ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ ဒီနေ့ပေါ့နော် တွေ့ဆုံတဲ့ ပွဲလေးမှာတော့ CBT ရဲ့ အစိတ်အပိုင်းတွေလည်း ပါပါတယ်၊ အဓိကကတော့ ပုံဖော်ချင်တာက ထိုင်းနိုင်ငံမှာ ရှိတဲ့ ဒွါရဝတီ၊ ဥူထောင်မြို့ ရှေးဟောင်း မြို့တော်ကို ကျယ်ပြန့်တဲ့ ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်စေဖို့ရယ် နောက်ပြီး ခေတ်ပြိုင် ဖြစ်တဲ့ တနင်္သာရီမြို့က ရှေးဟောင်း မြို့တော်ကို ပြန်လည် ပြီးတော့ ခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားလာအောင် နှစ်နိုင်ငံ ပူးပေါင်းပြီး ဖော်ထုတ် ပြသဖို့ ရည်ရွယ်တာ ဖြစ်တယ်”ဟု ထိုင်းနိုင်ငံသား ခရီးသွား လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ Dr. ANUSAK KONGMALAI က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ မြို့နယ် ၄ မြို့နယ်တွင် ရှေးယခင်က တည်ထားကိုးကွယ်ခဲ့သော ထိုင်း လက်ရာ သမိုင်းဝင် ဘုရားများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ရှိနေသည်။

Mizzima - News in Burmese

No comments:

Post a Comment