Thursday, April 4, 2019

မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးကို ဆောလျင်စွာဆောင်ရွက်ရန် ပို့/ဆက်ဝန်ကြီးပြောကြား




ယမန်နေ့က ကျင်းပသော မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားရာဝယ် မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးကို ဆပ်ကော်မတီဖွဲ့စည်းထားပြီးဖြစ်၍ ဆောလျင်စွာဆောင်ရွက်ရန်ကို ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှ သတင်းတစ်ပုဒ်ဝယ် ရေးသားဖော်ပြထားသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ၀န်ဆောင်မှုများကို စတင်ရရှိမည့် Myanmar Sat - 2 အား ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ဦးစားပေးဆောင်ရွက်ရန်ဖြစ်သည့် မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်နိုင်ရေးကို ဆပ်ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်၍ ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ Space Agency ဖွဲ့စည်းဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းမှ သိရသည်။ 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံဂြိုဟ်တု ထရန်စပွန်ဒါ ငှားရမ်းရေး ဆပ်ကော်မတီ၊ မြန်မာနိုင်ငံဂြိုဟ်တုစနစ်ဆိုင်ရာ ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး ဆပ်ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်ပေးရန်များ၊ ဦးဆောင်ကော်မတီသို့ ဆက်လက်တင်ပြ ခွင့်ပြုချက်ရယူရန် ကိစ္စရပ်များတို့ကို ဆေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆုံးဖြတ်၍ အောင်မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် ဖြည့်စွက်မှာကြားခဲ့ကြောင်း အဆိုပါ မြန်မာ့အလင်းသတင်းတွင် ရေးသားထားသည်။ 

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီ၏ ၂/၂၀၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမတွင် ယမန်နေ့(ဧပြီ ၄ရက်) မွန်းလွဲပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

Ref: မြန်မာနိုင်ငံ ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီ ၂/၂၀၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၈) 
ဓာတ်ပုံ - သတင်းစဉ်
Popular News Journal 


No comments:

Post a Comment