Wednesday, April 3, 2019

ရခိုင်မြောက်ပိုင်းရှိ မြို့နယ် ၅ ခုတွင် ညမထွက်ရအမိန့် ထုတ်ပြန်


ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ညမထွက်ရအမိန့် ပုဒ်မ - ၁၄၄ ကို ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 
တိုက်ပွဲဖြစ်ပွားရာ နယ်မြေများအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ထိခိုက်ကျဆင်းမှု မဖြစ်စေရေးနှင့် အုပ်ချုပ်ရေးယန္တရား ခိုင်မာစွာ တည်ဆောက်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် အဆိုပါ မြို့နယ် ၅ ခု၌ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် လက်မှတ်ရေးထိုးကာ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။ 

“ပုံမှန်ကတော့ တစ်လတစ်ခါတိုး ထုတ်တာပေါ့။ အခြေအနေကြည့်ပြီး၊ အခုကတော့ ပြည်နယ်မှူး အခြေအနေကြည့်ပြီး တိုးထုတ်သွားမယ်ထင်တယ်”ဟု ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ဆိုသည်။ 

အဆိုပါ မြို့နယ် ၅ ခု၌ ညနေ ၉ နာရီ အချိန်မှ နံနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုအတည်ပြုထုတ်ပြုပြီး ဧပြီ ၂ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်များမှာ အမိန့်ထုတ်ပြန် ဆောင်ရွက်သွားရန် အကြောင်းကြားသည်ဟု ဗိုလ်မှူးကြီး ဖုန်းတင့် လက်မှတ်ရေးထိုးထားသည့် စာတွင် ဖော်ပြထားသည်။ 

ယင်းသို့ ညမထွက်ရအမိန့် -၁၄၄ ထုတ်ပြန်လိုသည့်အပေါ်မှာ ရခိုင်ပြည်သူများသည် စိုးရိမ်ထိတ်လန့်ကာ ဝေဖန်နေကြသည်။ 

“စာမှာတော့ လုံခြုံရေးအတွက်ကို ဆောင်ရွက်ဖို့လို့ ရေးထာတာတွေ့ရတယ်။ ဒါပေမယ့် ဒီဟာရဲ့နောက်ကွယ်မှာ ဘာလုပ်လာမယ်လဲ ပြောဖို့ခက်တယ်။ ဘာလိုဆို ၁၄၄ ထုတ်တယ်လောက်နဲ့ ပြီးသွားနိုင်တဲ့အခြေနေမမြင်ဘူး၊ တိုက်ပွဲ အချိန်မြင့်လာပြီး စစ်အုပ်ချုပ်ရေးဖက်ကို အာဏာသိမ်းတာတွေ ဖြစ်ကောင်းဖြစ် လာနိုင်သလား၊ ဒါဟာ အဲဒီအတွက် ပထမခြေလှမ်းလား”ဟု မြောက်ဦးမြို့ ဒေသခံ ကိုကျော်စိန်သန်းက ဝေဖန်သည်။ 

အလားတူ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် တို့တွင် ၂၀၁၆ ခုနှစ်မှ စ၍ ညမထွက်ရ အမိန့် -၁၄၄ ကို ၂ လလျှင် တစ်ကြိမ် ပုံမှန်ထုတ်ပြန်ထားလျှက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေထံမှ သိရသည်။ 

ဓာတ်ပုံ - ခိုင်မင်းညို
The Voice

No comments:

Post a Comment