မော်လမြိုင် ကျိုက်သလ္လံကုန်းတော် ပြိုကျပျက်စီးမှု ငါးခုတွင် သုံးခုသည် ရင်ပြင်တိုးချဲ့ရာတွင် မြေသားခံနိုင်ရည်မှုကို မလေ့လာဘဲတိုးချဲ့သည့်အတွက် ပျက်စီးမှုငါးခုတွင် သုံးခုပါဝင်ရာ ပြန်လည်ပြုပြင်ပြီး ထိန်းသိမ်းမှု အရေးကြီးသည့်အတွက် ကျွမ်းကျင်သည့် ပုဂ္ဂိုလ်နှင့်မညှိနှိုင်းမတိုင်ဘဲလုပ်ဆောင်၍ မဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“တိုးချဲ့ရင်ပြင်တွေကြောင့် ဖြစ်တာ၊ တိုးချဲ့တဲ့နေရာမှာ စနစ်မရှိဘဲ တကယ်ပဲ မြေသားကနေ ခံနိုင်ရည်ရှိ၊ မရှိ အခြေနေပထဝီအနေထားအရ လုပ်သင့်၊ မလုပ်သင့်ဆိုတာကို သေသေချာချာမလေ့လာဘဲ တိုးချဲ့လိုက် လို့ပျက်စီးရတယ်လို့ ဒီလိုပဲ။ ကျွန်မတို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ငါးပိုင်းမှာ သုံးပိုင်းက တိုးချဲ့ရင်ပြင်တွေကြောင့် ဖြစ်တာပါ၊ နောက်ပိုင်းအခုဟာက ပြန်လည်တည်ဆောက်ပြီးတဲ့အခါကျရင် ထိန်းသိမ်းမှုအပိုင်းက အင်မတန်မှ အရေးကြီးပါတယ်။ ထိန်းသိမ်းမှုလုပ်တဲ့ခါမှာ မစမ်းမသပ်ဘဲ ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် မညှိနှိုင်းဘဲနဲ့ လုပ်လို့မဖြစ်ပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဧပြီ ၄ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မော်လမြိုင် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်သို့ အနောက်ဘက်ဓာတ်လှေကားမှ တက်ရောက်ပြီး ၀ိသာခါဝတ်တန်ဆောင်းတွင် ဆီးမီးပူဇော်ကြည်ညိုကာ မှတ်တမ်းလက်မှတ်ရေးထိုး၍လက်ျာရစ်ပတ်ပြီး ပြိုကျသည့် အရှေ့မြောက်ဘက် ရင်ပြင်ရှင်းလင်းဆောင်တွင် ဒုတိယဝန်ကြီး ဦးကျော်လင်း (ဥက္ကဋ္ဌ၊ ကျိုက်သလ္လံဘုရား ပြန်လည်ပြင်ဆင်ရေးကော်မတီ)က ရှင်းလင်းတင်ပြပြီး အင်္ဂါထောင့်တွင် ဆီမီးပူဇော်ကာ ပဋ္ဌာန်းတန်ဆောင်းတွင် ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ၏ တင်ပြချက်အပေါ် အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလှူငွေလှူဒါန်း၍ဂုဏ်ပြုလွှာနှင့် ကျိုက်သလ္လံ ပုံတူပေးအပ်ခဲ့ကြောင်း၊ ဂေါပကအဖွဲ့ အနေဖြင့်ထိန်းသိမ်းမှုအပိုင်း၊ ပြင်ဆင်မှုအပိုင်းတို့ကို သီးသန့်ရန်ပုံငွေထားရှိရန်၊ တင်ဒါအောင်ကုမ္ပဏီ၏လုပ်ငန်းများ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်လုပ်ဆောင်ရန်၊
ဂေါပကအဖွဲ့နှင့် တိုင်ပင်ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့ကြောင်း ကျိုက်သလ္လံဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးကျင်မောင်က ပြောကြားသည်။
လက်ရှိရရှိထားသော အလှူငွေနှင့် တင်ဒါအောင် Right Tunneling က ဧပြီ ၁၉ ရက်မှစတင်၍ ပြုပြင်ရေးလုပ်ငန်းများ ဖြစ်သည့် ဇုန်-၁/၄ တို့ကို မေလအတွင်း အပြီး ဇုန်-၂/၃ တို့ကို စက်တင်ဘာလအကုန် အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း ဒေသခံများအနေနှင့် ဘုရားကြီးအမြန်ပြီးစေရန် အလှူငွေများစေတနာသဒ္ဒါထက်သန်စွာ ပါဝင်လှူဒါန်းကြရန် ဂေါပကအဖွဲ့က နှိုးဆော်ထားကြောင်း သိရသည်။
Eleven Media Group







0 comments:
Post a Comment