Tuesday, April 30, 2019

တန်ဖိုးနည်းအိမ်ရာများကို ဘဏ်ချေးငွေများအပြင် ငွေစုငွေချေးစနစ်ဖြင့် ၀ယ်ယူနိုင်ရန်ဆွေးနွေး


မိသားစုဝင်ငွေနည်းပါးသည့်ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများကို ဝိုင်းကြီးချုပ်စနစ်ဟုခေါ်သော ငွေစုငွေချေးစနစ်ဖြင့် ၀ယ်ယူနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဆိုသည်။ 
ပြည်သူများ အိမ်ပိုင်ရရှိရေးလိုအပ်ချက်ကို အစိုးရဘက်က ဖြည့်ဆည်းလျက်ရှိသကဲ့သို့ ပြည်သူများကလည်း စုပေါင်း၍ ကိုယ့်အားကိုယ်ကိုးကာ ကိုယ်ထူကိုယ်ထစုပေါင်းအိမ်ရာဖန်တီးနိုင်ရေး နည်းလမ်းသစ်များကို ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ 

အိမ်ရာအတွက် အခက်အခဲရှိနေသူများ၊ ၀င်ငွေနည်းသဖြင့် ကျူးကျော်တဲတွင် နေထိုင်ကြရသူများ၊ ပုဂ္ဂလိကအိမ်ငှားရမ်းခဈေးကြီးပေး၍ နေထိုင်ရသူများသည် အဆင့်မြင့်အိမ်ရာများကို ၀ယ်ယူနိုင်ရန် ၀င်ငွေနည်းသောကြောင့် ယခုအစီအစဉ်ကို ထည့်သွင်းဆွေးနွေးရခြင်းဖြစ်သည်ဟု ဦးဝင်းနိုင်ကဆိုသည်။ 

အဆိုပါဆွေးနွေးပွဲတွင် မိသားစု ၃၀ လောက်စုပြီး ဝိုင်းကြီးချုပ်စနစ်ဟုခေါ်သည့် ငွေစု၊ငွေချေးစနစ်ဖြင့် မြေ၀ယ်နိုင်ရန် အစီအစဉ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆိုသည်။ 
ယင်းသို့ဝယ်ယူနိုင်ရန်အတွက် အစိုးရကမြေစီစဉ်ပေးမည်ဖြစ်ပြီး အစိုးရစီစဉ်ပေးသည့်မြေကို တစ်ဦးချင်းမဟုတ်ဘဲ ဝိုင်းကြီးချုပ်စနစ်ဖြင့် အစုအဖွဲ့အလိုက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။ 
အဆိုပါနေရာများအတွက် လိုအပ်သည့် လျှပ်စစ်မီး၊ရေနှင့်လမ်းကဲ့သို့ အခြေခံအဆောက်အဦများကို အစိုးရက အကူအညီပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
အစိုးရသည် ဝင်ငွေနည်းမိသားစုများအတွက် ယခုအစီအစဉ်အပြင် တန်ဖိုးနည်းအိမ်ရာများကိုလည်း စီစဉ်ရောင်းချလျက်ရှိသည်။

The Voice Journal 

No comments:

Post a Comment