Wednesday, April 3, 2019

နယ်စပ် ပိတ်မယ်ဆိုရင် ဘယ်သူ့အတွက်မှ ကောင်းကျိုးရှိမှာ မဟုတ်ဟု မက္ကဆီကိုသမ္မတ သတိပေး


အမေရိကန်-မက္ကဆီကိုအကြားက နယ်စပ်ကို ပိတ်ပစ်လိုက်မယ်ဆိုပါက ဘယ်သူ့အတွက်မှ ကောင်းကျိုးရှိလိမ့်မှာ မဟုတ်ဘူးဆိုပြီး မက္ကဆီကိုသမ္မတ အန်ဒရီစ် မန်နျူရယ် လိုပက်ဇ်က ဧပြီ ၃ ရက်မှာ ထုတ်ဖော်သတိပေးလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်း နယ်စပ်ကို ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့မှုနဲ့ပတ်သက်လို့ မက္ကဆီကို သမ္မတက အခုလိုပဲ တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

“ နယ်စပ်ကို ပိတ်လိုက်မယ်ဆိုရင် ဒါ ဘယ်သူ့အတွက်မှ ကောင်းကျိုး ဖြစ်လာမှာတော့ မဟုတ်ပါဘူး၊ ဒါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဘက်က အကူအညီပေးနေတယ်ဆိုတာကို အမေရိကန်အစိုးရဘက်က အသိအမှတ်ပြုထားပြီး ဖြစ်တဲ့အပေါ်မှာတော့ ကျွန်တော် ဝမ်းမြောက်မိပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်ပြီး ကူညီပေးသွားမှာပါ” လို့ မက္ကဆီကို သမ္မတက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်တုန်းကတော့ အမေရိကန်သမ္မတ ထရမ့်က ၎င်းအနေနဲ့ မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်ဖို့ ရာနှုန်းပြည့် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ထားခဲ့တာဖြစ်ပါတယ်။

ဒီလို နယ်စပ်ပိတ်လိုက်မယ်ဆိုရင် ၎င်းနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ ထိခိုက်မှုတွေ ရှိလာမှာဖြစ်ပေမယ့် ၎င်းအတွက်ကတော့ ကုန်သွယ်ရေးထက် လုံခြုံရေးက ပိုအရေးကြီးတယ်လို့ ခံယူထားကြောင်း ထရမ့်က ပြောသွားခဲ့တာဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment