တရားမ၀င်သစ်တွေ တရုတ်ကို သွားတာအများဆုံးဖြစ်ပြီး နှစ်နိုင်ငံ တရားမ၀င်သစ်တိုက်ဖျက်ရေး ဆောင်ရွက်နေတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။
ဧပြီ ၄ ရက်နေ့က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ သတင်းထုတ်ပြန်တဲ့ အခမ်းအနားမှာ သစ်တောဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးကျော်ကျော်လွင်က ပြောတာပါ။
“အားလုံးကို ပြောရရင် တရုတ်ကို တရားမ၀င်သစ်ထွက်ခွာတဲ့ဟာ အများဆုံးပဲ။ ဒါက ရှေ့က EIA အစီရင်ခံစာ။ မြန်မာနိုင်ငံသစ်တောဦးစီးဌာနနဲ့ တရုတ်နိုင်ငံသစ်တောဦးစီးဌာန တရားမ၀င်သစ်ပူးပေါင်းတိုက်ဖျက်ရေး နောက် တရားမ၀င်သစ်တွေကို ထုတ်လုပ် ဖြန့်ဖြူးရောင်းဝယ်ရေး နောက်ပြီးတော့ တောမီးကာကွယ်ရေးအတွက် အဓိကသုံးချက်နဲ့ MoU ထိုးပြီး တရားမ၀င်သစ်တိုက်ဖျက်ရေးကို ဆောင်ရွက်နေပါတယ်” လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ ဘဏ္ဍာနှစ်အလိုက် သစ်မျိုးစုံ စုစုပေါင်း ၁၄၃၅၃၈ ဒသမ ၇၀ တန်၊ တရားခံ ၂၀၈၃၄ ဦး၊ ယာဉ်/ယန္တရား ၉၄၆၀ စီး၊ ချိန်းဆော ၁၁၆၃ ခု ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒီလို ဖမ်းဆီးတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း တိုက်ခိုက်ခံရမှုကြောင့် ၁၉၉၈-၉၉ ဘဏ္ဍာနှစ်ကနေ ၂၀၁၈-၁၉ ခုနှစ် မတ်လထိ အရာထမ်း ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့သလို အမှုထမ်း ၇ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တရားမ၀င်သစ်ထုတ်လုပ်တာတွေ သတင်းပေးတိုင်ကြားတဲ့သူတွေကိုလည်း ဆုချီးမြှင့်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်မှာ ကျပ်သိန်း ၇၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ၄၀၆ သိန်းကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျပ် ၆၇၃ သိန်းကျော် ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။
DVB







0 comments:
Post a Comment