Wednesday, April 3, 2019

အယ်လ်ဂျီးရီးယားသမ္မတ ရာထူးကနုတ်ထွက်


နာမကျန်းဖြစ်နေတဲ့ အယ်လ်ဂျီးရီးယားသမ္မတ ဘူတက်ဖလီကာဟာ ဧပြီ ၂ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားပါတယ်။ 
သူ့ရဲ့ အနှစ် ၂၀ ကြာ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ သီတင်းခြောက်ပတ်ကြာ လူထုဆန္ဒပြပွဲတွေနဲ့ အားကောင်းတဲ့ တပ်မတော် ဖိအားပေးမှုကြောင့် အသက် ၈၂ နှစ်အရွယ် သမ္မတဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ 

နိုင်ငံပိုင် ရုပ်သံကပြသတဲ့ ဗွီဒီယိုဖိုင်မှာတော့ ဖြူဖျော့နေတဲ့ ဘူတက်ဖလီကာက သူ့ရဲ့ နုတ်ထွက်စာကို ဖွဲ့စည်းပုံကောင်စီ အကြီးအကဲကို ပေးအပ်တာ မြင်တွေ့ရပါတယ်။ 

ဧပြီ ၂ ရက်နေ့ အစောပိုင်းကလည်း ကြည်းတပ်ကာကွယ်ရေးဦးစီးချုပ်က ကျန်းမာရေး ဆိုးရွားနေတဲ့ ဘူတက်ဖလီကာကို သမ္မတရာထူးနဲ့ မသင့်တော်ကြောင်း ချက်ချင်းကြေညာပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

သမ္မတ ဘူတက်ဖလီကာ ရာထူးကနေ နုတ်ထွက်သွားပြီးနောက် မြို့တော် အယ်ဂျီရာမှာ ရာနဲ့ချီတဲ့ပြည်သူတွေ အောင်ပွဲခံကြပါတယ်။ 

အယ်လ်ဂျီးရီးယား ပြည်သူတွေဟာ အလံတွေဝှေ့ယမ်း၊ သီချင်းတွေသီဆိုပြီး လမ်းတွေမှာလည်း ဟွန်းတီးနေတဲ့ကားတွေနဲ့ ပြည့်နှက်နေပါတယ်။ 

အောင်ပွဲခံပြည်သူတဦးက “အကြီးမားဆုံး အတားအဆီးကို ဖယ်ရှားနိုင်ခဲ့ပါပြီ။ အယ်လ်ဂျီးရီးယားဟာ ရာနှုန်းပြည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှာပါ။ ဒါဟာ အလွန်အရေးကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment