ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (FANI) သည် နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
လက်ရှိတွင်အဆိုပါမုန်တိုင်းမှာ အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့ဘက် မိုင်(၃၄၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့တောင်ဘက် မိုင် (၄၈၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၅၇၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်ပြီး လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု မိုး/ဇလဌာနက သတ်မှတ်ထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” သည် နောက်ခြောက်နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) ဖန်နီအဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) ဖန်နီအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက် ၇၂ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဖြစ်ကြောင်း မိုး/ဇလဌာနက ခန့်မှန်းထားသည်။
The Voice

No comments:
Post a Comment