Thursday, April 4, 2019

ထားဝယ်တွင် ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိတရားမဝင် နိုင်ငံခြားအရက်နှင့် ဘီယာဖမ်းမိ


ထားဝယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ လိုင်စင်မဲ့ နိုင်ငံခြားအရက်နှင့် ဘီယာများ ဖမ်းမိခဲ့ကြောင်း ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနထံမှ သိရသည်။ 
မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်ကမ်းနားလမ်းပေါ်ရှိ မြောင်းပုလဲ တံတားအနီးတွင် ကန်တာအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ကားပေါ်တွင် ထိုင်းနိုင်ငံထုတ် Chang တံဆိပ်နှင့ှ်Singha အမှတ်တံဆိပ်ဘီယာ ၂၂၄ ဖာ ဖမ်းမိခဲ့ကြောင်း ခရိုင်မှုခင်း နှိမ်နင်းရေးဌာန အဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူက ဆိုသည်။ 

ဖမ်းမိသည့် လိုင်စင်မဲ့ဘီယာများမှာ ငွေကျပ် ၄၂ သိန်းကျော် တန်ဖိုးရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

အဆိုပါဖြစ်စဉ်တွင် အသက် ၃၇ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို ယစ်မျိုးဥပဒေ ပုဒ်မ- ၃၀ (က) ဖြင့် အမှု ဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

ယင်းနောက် မတ်လ ၃၁ ရက်နေ့တွင် သပြေချောင်းရွာဘက်မှ ဇလွန်းရွာဘက်သို့ မောင်းနှင်လာသည့် TOYOTA REVO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရဲတပ်ဖွဲ့ဝင်များအား ပွတ်တိုက်၍ ထားဝယ်-ထီးခီးလမ်းအတိုင်း မောင်းပြေးသွားခဲ့သည်ဟု ရဲအုပ်အောင်သူက ပြောသည်။ 

ထွက်ပြေးမောင်းနှင်သွားသည့် အထက်ပါကားကို ပကာရီရဲကင်းစခန်းရှေ့တွင် ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးရှာဖွေရာ လိုင်စင်မဲ့အရက် ၈၅ ဖာ ဖမ်းမိခဲ့ကြောင်းအထက်ပါဌာနထံမှ သိရသည်။ 

အဆိုပါဖမ်းမိသည့် လိုင်စင်မဲ့ အရက်များမှာ ငွေကျပ် ၃၁ သိန်းကျော် (၃,၁၀၆,၈၀၀ ကျပ်) တန်ဖိုးရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

လိုင်စင်မဲ့အရက်များ သယ်ဆောင်လာသည့်ကားမှာ ယာဉ်လိုင်စင်မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်နေသည့်အတွက် အသက် ၃၇ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို ပို့ကုန်သွင်းကုန် ဥပဒေနှင့် ယစ်မျိုးဥပဒေ ပုဒ်မ-၃၀ (က) တို့ဖြင့် သီးခြားစီ အမှုဖွင့်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။ 

အဆိုပါနေ့တွင်ပင် ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲအုပ်အောင်သူက ဆိုသည်။ 

အဆိုပါဂိုဒေါင်အတွင်း ကျပ်သိန်း ကိုးရာကျော် (၉၃,၀၇၃,၀၀၀ ကျပ်) တန်ဖိုးရှိ လိုင်စင်မဲ့နိုင်ငံခြားအရက်၊ ဘီယာ တံဆိပ်မျိုးစုံကို ဖမ်းမိခဲ့ကြောင်း ၎င်းက ပြောသည်။ 

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ဂိုဒေါင်မန်နေဂျာဖြစ်သည့် အသက် ၂၂ နှစ်အရွယ်အမျိုးသားကို ယစ်မျိုးဥပဒေ ပုဒ်မ- ၃၀(က) ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

“တရားမဝင်ရောင်းချနေတာတွေ ရှိတာပေါ့နော်။ ကျွန်တော်တို့က မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ဒီဥစ္စာတွေကို စုံစမ်းထောက်လှမ်းပြီးတော့ ဖမ်းဆီးတာပါ”ဟု ရဲအုပ်အောင်သူက ပြောသည်။ 

ဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားသုံးဦးကို ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။ 

Dawei Watch
The Voice

No comments:

Post a Comment