နိုင်ငံရေးသမားများ၊ ထင်ရှားသော ပုဂ္ဂိုလ်များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများက တစ်ကမ္ဘာလုံးတွင် ကန့်ကွက်နေကြသော်လည်း လိင်တူဆက်ဆံခြင်းနှင့် အိမ်ထောင်ရေး ဖောက်ပြားမှုတို့ကို ကျောက်တုံးဖြင့် ပစ်ပေါက်သတ်မည့် ပြစ်ဒဏ်အပြင် တင်းကျပ်သော ရှာရီယာ ဥပဒေများကို ဘရူနိုင်းတွင် စတင်ကျင့်သုံးပြီဖြစ်ကြောင်း AFP သတင်းက ဖော်ပြထားသည်။
ဆူလတန် ဟက်ဆန်နယ်ဘိုခီးယား အုပ်ချုပ်သော ဘရူနိုင်းကျွန်းနိုင်ငံတွင် အဆိုပါဥပဒေသည် နှစ်ပေါင်းများစွာ ဆိုင်းငံ့နေပြီးနောက် ယခုအခါ စတင်အသက်ဝင်လာခြင်းဖြစ်သည်။
အဆိုပါ အသစ်ပြဋ္ဌာန်းချက်များတွင် ပစ္စည်းခိုးပါက လက်ဖြတ်ခြင်း၊ ခြေဖြတ်ခြင်းများလည်းပါဝင်ပြီး ဘရူနိုင်းသည် အရှေ့အာရှ၊ အရှေ့တောင်အာရှတွင် ရှာရီယာဥပဒေကို တစ်နိုင်ငံလုံး ကျင့်သုံးသည့် ပထမဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
မုဒိမ်းမှု၊ ဓားပြမှုတို့ကိုလည်း သေဒဏ်အဖြစ် သတ်မှတ်မည်ဖြစ်ကာ တမန်တော် မိုဟာမက်ကို မလျော်ကန်စွာ ပြောဆိုဝေဖန်ပါက မွတ်ဆလင်ဖြစ်စေ၊ မွတ်ဆလင် မဟုတ်သူဖြစ်စေ သေဒဏ်ပေးမည်ဟုလည်း ပါဝင်သေးသည်။
ဘရူနိုင်းက အဆိုပါဥပဒေကို ပြဋ္ဌာန်းလိုက်သည့်အခါ ကုလသမဂ္ဂက ယင်းကိစ္စကို ရက်စက်ပြီး လူမဆန်သော လုပ်ရပ်ဟု အမည်တပ်ခဲ့ပြီး ဂျော့ကလူနီ၊ ပေါ့စတား အယ်တန်ဂျွန်တို့ကလည်း ဘရူနိုင်းပိုင် ဟိုတယ်များကို တစ်ကမ္ဘာလုံးက သပိတ်မှောက်ကြရန် ဆော်ဩလိုက်သည်။
မွတ်ဆလင်ပြက္ခဒိန်တွင် အထူးနေ့ရက်တစ်ခု သတ်မှတ်သည့် အခမ်းအနား အများပြည်သူသို့ ပြောသောစကားတွင် ဆူတန်ဘုရင်က ပိုမိုအားကောင်းသော အစ္စလာမ်ဘာသာ သင်ကြားမှုများကို လှုံ့ဆော်ခဲ့ပြီး ပြစ်ဒဏ်အသစ်များနှင့် ပတ်သက်၍ မပြောဆိုခဲ့ပေ။
“တိုင်းပြည်မှာ အစ္စလာမ္မစ် သင်ကြားမှုတွေ ပိုပြီး အားကောင်းလာဖို့ ကျွန်တော်တို့ မြင်ချင်ပါတယ်”ဟု ကွန်ဗင်း ရှင်းစင်တာမှ တိုင်းပြည်သို့ ပြောကြားသော တယ်လီဗေးရှင်း မိန့်ခွန်းတွင် ၎င်းက ဆိုခဲ့သည်။
နှစ်ပေါင်း ၅၀ ခန့် နန်းသက်ရှိနေပြီ ဖြစ်သော ဆူတန်ဘုရင်က ဘရူနိုင်းသည် မျှတသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဘရူနိုင်းကို လာရောက်လည်ပတ်သူတိုင်းဟာ ချိုသာတဲ့အတွေ့အကြုံကို ရကြမှာဖြစ်ပြီး လုံခြုံမျှတတဲ့ ဝန်းကျင်ကို ခံစားရမှာပါ”ဟု ၎င်းက ပြောဆိုသည်။
ပြင်းထန်သော ပြစ်ဒဏ်များသည် ဥပဒေအရ အသက်ဝင်ပြီဖြစ်ကြောင်း ဘရူနိုင်းအရာရှိကြီးများက အတည်ပြုပေးထားသည်။
The Voice

No comments:
Post a Comment