အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် အရေအတွက် သန်းချီသော မဲပြားများကို နာရီပေါင်းများစွာ လက်ဖြင့်ရေတွက်ခဲ့ရမှုကြောင့် ခြေကုန်လက်ပန်းကျကာ ကွယ်လွန်ခဲ့သော ရွေးကောက်ပွဲဝန်ထမ်း ၂၇၀ ကျော်ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
နောက်ထပ် ဝန်ထမ်း ၁၈၇၈ ဦးမှာလည်း ခြေကုန်လက်ပန်းကျမှုကြောင့် နေထိုင်မကောင်း ဖြစ်ခဲ့ရသည်ဟု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပရီယိုဆူဆန်တိုက ပြောကြားသည်။
ဧပြီ ၁၇ ရက်က ရွေးကောက်ပွဲကို လူပေါင်း ၇ သန်းခန့်က အကဲခတ် စောင့်ကြည့်ခဲ့ကြပြီး မဲရေတွက်မှုကို ကူညီပေးခဲ့ကြသည်။
ရွေးကောက်ပွဲဝန်ထမ်းများသည် ပူလောင်အိုက်စပ်သော ရာသီဥတုဝန်းကျင်တွင် ညလုံးပေါက် လုပ်ကိုင်ခဲ့ကြရသည်။
လူဦးရေ သန်း ၂၆၀ နေထိုင်သော အင်ဒိုနီးရှားတွင် ငွေကြေးချွေတာသည့်အနေနှင့် သမ္မတရွေးပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများကို တွဲဖက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မဲပေးခွင့်ရှိသူ ၁၉၃ သန်း၏ ၈၀ ရာခိုင်နှုန်းက နိုင်ငံတစ်ဝန်း မဲရုံပေါင်း ၈၀၀,ဝ၀၀ ကျော်တွင် လာရောက်မဲပေးခဲ့ကြသည်။
သို့ရာတွင် အစိုးရဝန်ထမ်းမဟုတ်သော ရွေးကောက်ပွဲဝန်ထမ်းများသည် အလုပ်ခွင်မဝင်ခင် ကျန်းမာရေးစစ်ဆေးမှု မလုပ်ပဲ ဝင်ရောက်အမှုထမ်းကြခြင်းဖြစ်သည်ဟု သိရှိရသည်။
ထို့ကြောင့် ဝန်ထမ်း ၂၇၂ ဦးသည် အလုပ်ဒဏ်ပိကာ ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်ဟု ကော်မရှင်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်က ကွယ်လွန်သူဝန်ထမ်းတစ်ဦးစီအတွက် တစ်နှစ်စာ အနိမ့်ဆုံးလုပ်ခနှင့် ညီမျှသော ရူပီယာ ၃၆ သန်း (ဒေါ်လာ ၂၅၀၀ ခန့်) ကို ကျန်ရစ် သူမိသားစုများအား နစ်နာကြေးပေးအပ်မည်ဟု သိရှိရသည်။
လေ့လာသူများကမူ အစိုးရသည် ရွေးကောက်ပွဲနှစ်မျိုးကို တွဲဖက်ကာ ယာယီဝန်ထမ်းများအတွက် မမျှော်လင့်ထားသော တာဝန်ကိုပေးခဲ့သည်ဟု ဝေဖန်ကြသည်။
အကြမ်းဖျင်း ရေတွက်မှုများအရ လက်ရှိသမ္မတဝီဒိုဒိုက ၉-၁၀ ရာခိုင်နှုန်း အသာဖြင့် အနိုင်ရနေသော်လည်း ဝီဒိုဒိုနှင့် အတိုက်အခံသမ္မတလောင်း ဆူဘီယန်တို နှစ်ဦးစလုံးက အနိုင်ရကြောင်း ကြေညာနေကြသည်။
အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင် KPU သည် သမ္မတရွေးပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲ ရလဒ်များကို မေလ ၂၂ ရက်တွင် အပြီးသတ် ထုတ်ပြန်ပေးမည်ဖြစ်သည်။
The Voice

No comments:
Post a Comment