Tuesday, April 30, 2019

အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ မေလတွင် ထပ်မံတွေ့ဆုံမည်


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့တို့ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့် မေလတွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း သိရသည်။ 
“အသေးစိတ်အချက်အလက်တွေတော့ ဆွေးနွေးတာမျိုးမရှိဘူး။ မေလမှာ ထပ်ပြီးဆွေးနွေးကြဖို့ သဘောတူတယ်။ နေရာနဲ့ အချိန်ကတော့ ဒီကြားထဲပြန်ညှိရမယ်”ဟု ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။ 

ယနေ့ဆွေးနွေးပွဲတွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA၊ ကိုးကန့်အဖွဲ့ MNDAAနှင့် ရက္ခိုင့်တပ်မတော် AA တို့က ဆွေးနွေးခဲ့ကြသည်။ 
“အဓိကက တိုက်ပွဲတွေ အရင်ရပ်ဖို့လိုတယ်။ ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေ တစ်ဆင့်ခြင်းသွားရင် အဆင်ပြေတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာမှာပါ။ ဒီနေ့ဆွေးနွေးပွဲကတော့ ရလာဒ်တစ်ခု ထွက်တာမျိုး မရှိပါဘူး”ဟု ၎င်းက ပြောသည်။ 
မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အခြေချသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်း ၅ ခုအား တပ်မတော်က အပစ်ရပ်ကာလ ၄ လ သတ်မှတ်ခဲ့ပြီး ယနေ့ ဧပြီ ၃၀ တွင် သတ်မှတ်ကာလ ပြည့်ခဲ့ပြီဖြစ်သည်။ 
တပ်မတော်၏ အပစ်ရပ်ကာလ ဆက်လက်တိုးသင့်၊ မတိုးသင့်ကို ယနေ့ပြုလုပ်သည့် မူဆယ်ဆွေး နွေးပွဲ၏ ရလာဒ်ပေါ်တွင် မူတည်၍ စဉ်းစားသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောသည်။ 

Photo : SSPP Info:
The Fifth Wave News 

No comments:

Post a Comment